MySport Myanmar

ယူနိုက်တက်မှာ တောက်ပနေတဲ့ မိန်းနူးကို အပြိုင်လုကြမယ့် အင်္ဂလန် နဲ့ ဂါနာ

မန်ချက်စတာ ယူနိုက်တက်အသင်းမှာ အလွန် တောက်ပလျက် ရှိနေတဲ့ လူငယ် ကွင်းလယ်ကစားသမားလေး ကိုဘီ မိန်းနူးဟာ အင်္ဂလန်လက်ရွေးစင်အသင်းအတွက် စတင် အရွေးချယ်ခံရဖွယ် ရှိနိုင်တယ်လို့ ဗြိတိန်သတင်းမီဒီယာတချို့က ဖော်ပြလာခဲ့ပါတယ်။

ဒါပေမယ့် အသက် (၁၈)နှစ်အရွယ် ကစားသမားလေး မိန်းနူးဟာ အင်္ဂလန်အပြင် ဂါနာနိုင်ငံသားပါ ဖြစ်နေတဲ့အတွက် သူ စိတ်ကြိုက် လက်ရွေးစင်အသင်းကို ကိုယ်စားပြု ကစားခွင့် ရှိနေတာကြောင့် ဒီအခွင့်အရေးကို ဂါနာဘက်ကလည်း အသုံးချသွားဖို့ စီစဉ်လာဖွယ် ရှိနေပါတယ်။

Photo Credit : Goal

ဆယ်ကျော်သက်အရွယ်သာ ရှိနေသေးတဲ့ မိန်းနူးဟာ အင်္ဂလန်နိုင်ငံ မန်ချက်စတာမြို့မှာ ဖွားမြင်သူဖြစ်ပြီး အသက် (၉)နှစ်အရွယ်မှာပဲ မန်ယူနိုက်တက်ရဲ့ လူငယ် အကယ်ဒမီဆီကို ရောက်ရှိနေခဲ့တာ ဖြစ်ပါတယ်။ ယူနိုက်တက်ရဲ့ သက်တမ်းအလိုက် လူငယ်အသင်းတွေမှာ ပါဝင်ရင်းနဲ့ ပြီးခဲ့တဲ့နှစ်က တစ်နှစ်တာရဲ့ အကောင်းဆုံး လူငယ် ကစားသမားဆုကိုပါ ဆွတ်ခူးနိုင်ခဲ့ရပါတယ်။

ဒါ့အပြင် ၂၀၂၂-၂၃ ဘောလုံးရာသီမှာကတည်းက မိန်းနူးဟာ ယူနိုက်တက် စီနီယာအသင်းအတွက် မိနစ်အနည်းငယ်လေးတွေ ပါဝင် ကစားခဲ့ရပြီး ချာတန်အသင်းနဲ့ ရင်ဆိုင်ရတဲ့ လိဂ်ဖလားပွဲမှာလည်း ပွဲထွက် ကစားသမားအဖြစ် ပွဲချိန် တစ်နာရီဝန်းကျင်လောက်အထိ ကစားခဲ့ရပါသေးတယ်။

Photo Credit : United in Focus

ဒီရာသီမှာတော့ မိန်းနူးက ယူနိုက်တက်ရဲ့ အဓိက ကစားသမားတစ်ဦးတောင် ဖြစ်လာခဲ့ရပြီး လက်ရှိအချိန်ထိ အသင်းအတွက် ပြိုင်ပွဲစုံ (၁၂)ပွဲ ကစားပေးထားခဲ့သလို ဝုလ်ဗ်နဲ့ပွဲက အဖိုးတန်ဂိုး အပါအဝင် သွင်းဂိုး (၂)ဂိုးပါ သွင်းယူထားနိုင်ပါတယ်။ ဒီလို ခြေစွမ်းပြနေတဲ့ မိန်းနူးကို အင်္ဂလန် နဲ့ ဂါနာအသင်းတို့ကလည်း အပြ်ိုင်လုဖို့ စိတ်ဝင်စားလာပါတော့တယ်။

မိန်းနူးက အင်္ဂလန်မှာ မွေးဖွားခဲ့သူလည်းဖြစ်လို့ အင်္ဂလန် ယူ-၁၇ ၊ ယူ-၁၈ နဲ့ ယူ-၁၉ အသင်းတွေအတွက်သာ ပါဝင်ကစားခဲ့ဖူးပြီး ဂါနာအတွက်ကိုတော့ လူငယ်အသင်းမှာပင် မကစားရသေးပဲ ရှိနေပါတယ်။ ဒါပေမယ့် ဘယ်လက်ရွေးစင်အသင်းအတွက်ကိုမှ တရားဝင်ပွဲတွေမှာ ကစားရသေးခြင်း မရှိတာကြောင့် မိန်းနူးအနေနဲ့ အင်္ဂလန် နဲ့ ဂါနာတို့ထဲက သူ ကိုယ်စားပြုချင်တဲ့ နိုင်ငံကို စိတ်ကြိုက် ရွေးချယ်သွားရနိုင်ပါတယ်။

Exit mobile version