ရီးယဲလ်မက်ဒရစ်အသင်းဟာ လာမယ့် ဇန်နဝါရီလ ဆောင်းရာသီ အပြောင်းအရွှေ့ဈေးကွက်အတွင်းမှာပဲ ဘရာဇီးလ်ကြယ်ပွင့် ကစားသမားလေး အန်းဒရစ်ကို ခေါ်ယူသွားနိုင်ဖွယ် ရှိနေပြီး လာမယ့် ဒီဇင်ဘာလထဲမှာလည်း အန်းဒရစ်ရဲ့ဖခင် ဒေါက်ဂလပ်စ်က ရီးယဲလ်အသင်းဆီ သွားရောက်လည်ပတ်ရင်း အပြောင်းအရွှေ့အတွက် ဆွေးနွေးမှုတွေ လုပ်ဆောင်မယ်လို့ ထုတ်ဖော် ပြောဆိုထားခဲ့ပါတယ်။

Endrick Palmeiras 2022-23

Photo Credit : Goal

လက်ရှိမှာ အသက်(၁၆)နှစ်အရွယ်သာ ရှိနေသေးတဲ့ ပါးလ်မီးရပ်စ် ကြယ်ပွင့်လေး အန်းဒရစ်ဟာ ဥရောပထိပ်သီး ကလပ်အသင်းတွေရဲ့ စိတ်ဝင်စားခြင်းကို ရရှိနေသူဖြစ်ပြီး ဒီအသင်းတွေက သူ့ကို ခေါ်ယူနိုင်ဖို့လည်း အသည်းအသန်ကို ကြိုးပမ်းနေခဲ့ရာ လက်ရှိမှာ အန်းဒရစ်ရဲ့ ဖခင်ဖြစ်သူကိုယ်တိုင်က သူတို့ ဒီဇင်ဘာလထဲမှာ ရီးယဲလ်မက်ဒရစ်အသင်းဆီ သွားရောက် လည်ပတ်မယ်လို့ ထုတ်ပြန်ခဲ့တာကြောင့် အခြားအသင်းတွေထက် ရီးယဲလ်က အန်းဒရစ်ကို လက်ဦးရဖွယ် ရှိနေပါတယ်။ အန်းဒရစ်ရဲ့ဖခင် ဒေါက်ဂလပ်စ်က “ကျွန်တော်တို့တွေ ဒီလအကုန်မှာပဲ မက်ဒရစ်ကို သွားပါမယ်”

endrick

Photo Credit : Goal

“ဆွေးနွေးပြောဆိုမှုတွေ ပြီးသွားတဲ့အခါ သူတို့ဘက်က ပါးလ်မီးရပ်စ်အသင်းဆီကို ကမ်းလှမ်းမှု ပြုလုပ်သင့်တယ်။ ပြီးတော့ ကျွန်တော်တို့ဆီက တုံ့ပြန်မှုကို စောင့်ဆိုင်းရပါလိမ့်မယ်” လို့ ပြောဆိုသွားခဲ့ပါတယ်။ ပါးလ်မီးရပ်စ်စီနီယာအသင်းအတွက် မကြာသေးခင်ကမှသာ စတင် ကစားခွင့်ရရှိခဲ့တဲ့ အန်းဒရစ်ဟာ ပါးလ်မီးရပ်စ် လူငယ်အသင်းမှာတော့ အတော်လေးကို တောက်ပနိုင်ခဲ့သူဖြစ်ပြီး (၁၆၉)ပွဲ ပါဝင်ကစားခဲ့ရင်း (၁၆၅)ဂိုးအထိတောင် သွင်းယူထားနိုင်ခဲ့ပါတယ်။ ဒါကြောင့်လည်း ဒီကစားသမားလေးကို ရီးယဲလ်အပါအဝင် ပီအက်စ်ဂျီ ချယ်လ်ဆီးတို့က လိုချင်နေခဲ့တာ ဖြစ်သလို မကြာခင်မှာပဲ အပြောင်းအရွှေ့က ဖြစ်လာနိုင်ဖွယ် ရှိနေရပါတယ်။ ဒါပေမယ့် လက်ရှိမှာ အန်းဒရစ်ရဲ့ အသက်အရွယ်က (၁၆)နှစ်သာ ရှိနေသေးတဲ့အတွက် အန်းဒရစ်အနေနဲ့ ရီးယဲလ်ကိုသာ ပြောင်းရွှေ့မယ်ဆိုရင်တော့ အသက်(၁၈)နှစ်ပြည့်မယ့်အချိန်ထိ လက်ရှိကလပ် ဒါမှမဟုတ် ကလပ်အသင်းတစ်ခုခုမှာ အငှားနဲ့ ဆက်လက် ကစားရဖွယ် ရှိနေပါတယ်။ အထောင်တိုက်စစ်နေရာအပြင် ဘယ်-ညာတောင်ပံ နှစ်ဖက်လုံးမှာ လိုက်ပါကစားတတ်သူ အန်းဒရစ်ဟာ ပါးလ်မီးရပ်စ်အသင်းနဲ့ ၂၀၂၅ခုနှစ်အထိ စာချုပ်သက်တမ်း ရှိနေသူဖြစ်ပြီး transfermaket မှာ ဖော်ပြထားတဲ့ သူရဲ့ လက်ရှိ တန်ကြေးကတော့ ယူရိုသန်း(၂၀) ရှိနေရပါတယ်။