MySport Myanmar

သူ့အိုင်ဒေါလ် ရိုနယ်ဒိုနဲ့ လူချင်းတွေ့ခွင့်ရဖို့က အိမ်မက်တခုပါလို့ ပြောလာတဲ့ အန်းဒရစ်

စပိန်လာလီဂါ ထိပ်သီးကလပ် ရီးရဲလ်မက်ဒရစ်ရဲ့ တက်သစ်စ လူငယ်ကြယ်ပွင့်သစ် အန်းဒရစ်က ဘရာဇီးလ်အသင်း အတွက် ဂိုးသွင်းပေးရမယ် ဆိုတဲ့ စိတ်ကူးအိမ်မက် ပြည့်ဝသွားပြီးနောက် သူ့ရဲ့ နောက်ထပ် အိမ်မက်တခုဟာ အိုင်ဒေါလ်ကြီး ရိုနယ်ဒိုနဲ့ လူချင်း တွေ့ခွင့်ရဖို့ ဖြစ်ကြောင်း နောက်ဆုံး ပြုလုပ်ခဲ့တဲ့ အင်တာဗျူးမှာ ထုတ်ဖော် ပြောကြားသွားခဲ့ပါတယ်။

အသက် ၁၇နှစ် အရွယ်သာ ရှိသေးတဲ့ ပူပူနွေးနွေး ဘရာဇီးလ်လက်ရွေးစင် လူငယ်တိုက်စစ်မှူး အန်းဒရစ်က ဘရာဇီးလ်ကလပ် ပါးလ်မီးရက်စ် ကနေ ရီးရဲလ်မက်ဒရစ်ဆီ ပြောင်းရွှေ့ ကစားဖို့ သဘောတူညီမှု ရရှိထားသူ ဖြစ်ပြီး သူက လာမယ့် ဇူလိုင်လ ၁ရက်နေ့မှာ ရီးရဲလ်မက်ဒရစ်နဲ့ တရားဝင် ပူးပေါင်းတော့မှာပဲ ဖြစ်ပါတယ်။

Photo Credit: Goal

အန်းဒရစ်က ဆယ်ကျော်သက် အရွယ်သာ ရှိသေးပေမယ့် အရွယ်နဲ့မလိုက်အောင် ရင့်ကျက်သလို သူ့ရဲ့ ခြေစွမ်းကလည်း ထိပ်တန်းအဆင့်မှာ ရှိပြီး သူဟာ ပြီးခဲ့တဲ့ရက်ပိုင်းမှာ ယှဉ်ပြိုင် ကစားခဲ့တဲ့ အင်္ဂလန် ၀-၁ ဘရာဇီးလ် ပွဲစဉ်မှာလည်း ဘရာဇီးလ်အတွက် တလုံးထဲသော သွင်းဂိုးကို သွင်းယူပေးနိုင်ခဲ့ပါတယ်။

အန်းဒရစ်က သူ့ရဲ့ ပထမဦးဆုံး လက်ရွေးစင်သွင်းဂိုးကို ပိုင်ဆိုင်ခဲ့သလို သူက ပါးလ်မီးရက်စ် အတွက် ပြိုင်ပွဲစုံမှာ ၆၆ပွဲ ပါဝင် ကစားပေးထားရာ သွင်းဂိုး ၁၈ဂိုး သွင်းယူထားနိုင်သလို ဂိုးဖန်တီးမှု ၃ကြိမ် ရရှိထားပြီး သူ့ရဲ့ ခြေစွမ်းကောင်းနဲ့ အလားအလာတွေကြောင့် ရီးရဲလ်မက်ဒရစ်က ပြောင်းရွှေ့ကြေး ယူရို ၄၅သန်း အထိ ပေးချေကာ သူ့ကို ခေါ်ယူဖို့ ဆုံးဖြတ်ခဲ့တာပါ။

Photo Credit: Goal

လက်ရှိမှာတော့ အန်းဒရစ်က ပါးလ်မီးရက်စ်မှာ ဆက်ကစားနေပေမယ့် ယခုနှစ် ဘောလုံးရာသီ အကုန်မှာ သူ့ရဲ့ အိမ်မက်အသင်း ဖြစ်တဲ့ ရီးရဲလ်မက်ဒရစ်ဆီ ပြောင်းရွှေ့ ကစားမှာ ဖြစ်ပြီး အန်းဒရစ်ကတော့ သူ့ရဲ့ စတုတ္ထမြောက် အိမ်မက်ဟာ သူ့ရဲ့ အိုင်ဒေါလ် ရိုနယ်ဒိုနဲ့ တွေ့ခွင့်ရဖို့ ဖြစ်ကြောင်း ဆိုလာပါတယ်။

အန်းဒရစ်က – “တနေ့မှာတော့ ကျွန်တော်က ခရစ္စတီယာနိုနဲ့ တွေ့ခွင့်ရဖို့ မျှော်လင့်ပါတယ်။ သူ့ရဲ့သားက ကျွန်တော့်ကို အင်စတာဂရမ်မှာ Follow လုပ်ထားပါတယ။ ဘုရားသခင်ရဲ့ အလိုကြောင့် ကျွန်တော်က ရီးရဲလ်မက်ဒရစ်မှာ ခြေစွမ်းကောင်းတွေ ပြသနိုင်မယ် ဆိုရင် ရိုနယ်ဒိုကလည်း ကျွန်တော့်ကို Follow လုပ်မယ်လို့ ယုံကြည်ပါတယ်။ ကျွန်တော့်ရဲ့ စတုတ္ထမြောက်အိမ်မက်က ရိုနယ်ဒိုနဲ့ လူချင်းတွေ့နိုင်ဖို့ပါ” လို့ ပြောကြားသွားခဲ့တာပဲ ဖြစ်ပါတယ်။

Exit mobile version