ဘရာဇီးလ်အခြေစိုက် နာမည်ကြီးအသင်း တသင်း ဖြစ်တဲ့ ပါးမီးယပ်စ်ရဲ့ လူငယ်ကြယ်ပွင့် အန်ဒရစ် ကတော့ သူဟာ တနေ့မှာ စပိန်လာလီဂါ အင်အားကြီးအသင်း တသင်း ဖြစ်တဲ့ ရီးရဲလ်မက်ဒရစ်ဆီ ပြောင်းရွှေ့ချင်ကြောင်း ထုတ်ဖော် ပြောကြားသွားခဲ့ပါတယ်။

အသက် ၁၅နှစ်ကျော်သာ ရှိသေးတဲ့ အန်ဒရစ်ဟာ ဘရာဇီးလ်နိုင်ငံရဲ့ အလားအလာ အကောင်းဆုံး လူငယ် ကစားသမား တဦး အဖြစ် သတ်မှတ်ခံထားရပြီး အသက် ၁၅နှစ် အရွယ်ထဲက ပါးမီးယပ်စ် အတွက် ပါဝင် ကစားပေးထားနိုင်သူလည်း ဖြစ်ပါတယ်။

Photo Credit: Marca

၂၀၀၆ခုနှစ်ဖွား အန်ဒရစ်ဟာ ဘယ်ခြေအားသန် အထောင်တိုက်စစ်မှူး ဖြစ်ပြီး တိုးအားရုန်းအား ကောင်းသလို ဘောလုံးစွမ်းရည်လည်း ပြည့်ဝတာကြောင့် ဘရာဇီးလ်နိုင်ငံရဲ့ ဂန္တဝင် တိုက်စစ်မှူး တဦး ဖြစ်သူ အက်ဒီယာနိုနဲ့ နှိုင်းယှဉ်ခံနေရသူပါ။

ဒါကြောင့်ပဲ အန်ဒရစ်ကို ခေါ်ယူဖို့ အတွက် ဘရာဇီးလ် အခြေစိုက် နာမည်ကြီးအသင်းတွေ သာမက ဥရောပ နာမည်ကြီးအသင်းတွေကပါ စိတ်ဝင်စားနေကြပြီး ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ် ဖီဖာရဲ့ စည်းမျဉ်းတွေအရ အသက် ၁၆နှစ်အောက် ကစားသမားတွေဟာ သူတို့ရဲ့ မွေးရပ်မြေနိုင်ငံ ကနေ တခြားနိုင်ငံဆီ ပြောင်းလဲ ကစားလို့ မရတာကြောင့် ဥရောပအသင်းတွေဟာ အန်ဒရစ်ကို ခေါ်ယူပြီးရင်တောင် ဘရာဇီးလ်ကလပ် တသင်းသင်းထံ အငှားပြန်ချရဖို့ ရှိပါတယ်။

Photo Credit: Marca

သူ့ကို ခေါ်ယူဖို့ အတွက် အသင်းကြီး အတော်များများက ချိတ်ဆက်လာချိန်မှာတော့ အန်ဒရစ်က သူ့ရဲ့ အိမ်မက်အသင်းဟာ ရီးရဲလ်မက်ဒရစ်သာ ဖြစ်ကြောင်း နောက်ဆုံး ပြုလုပ်ခဲ့တဲ့ အင်တာဗျူးမှာ ထုတ်ဖော် ပြောကြားသွားခဲ့ပါတယ်။

အန်ဒရစ်က – “ကျွန်တော်က ရီးရဲလ်မက်ဒရစ်ကို အရမ်း နှစ်သက်ပါတယ်။ ရီးရဲလ်မက်ဒရစ်ရဲ့ သမိုင်းကိုလည်း ဖတ်ခဲ့ပါတယ်။ ဒါကြောင့် ကျွန်တော်က ရီးရဲလ်မက်ဒရစ် အနေနဲ့ နောက်ထပ်တကြိမ် ချန်ပီယံလိဂ်ဖလား ကိုင်မြှောက်တာကို မြင်ချင်နေပါပြီ” လို့ ပြောကြားခဲ့တာပဲ ဖြစ်ပါတယ်။

လက်ရှိမှာတော့ ရီးရဲလ်မက်ဒရစ်ဟာ အန်ဒရစ်ကို ခေါ်ယူဖို့ ကြိုးစားနေပြီး ပါးမီးယပ်စ်နဲ့ ပြောင်းရွှေ့ကြေး သဘောတူညီမှု ရဖို့လည်း နီးစပ်နေပါပြီ။