စပိန်လာလီဂါ ထိပ်သီးကလပ် ရီးရဲလ်မက်ဒရစ်ရဲ့ လူငယ်ကြယ်ပွင့်သစ် အန်ဒရစ်က သူဟာ အသင်းသစ် ရီးရဲလ်မက်ဒရစ်နဲ့အတူ ချန်ပီယံလိဂ် ဆုဖလား ၅လုံး ၊ လာလီဂါ ဆုဖလား ၁၀လုံး ရယူချင်ကြောင်း နောက်ဆုံး ပြုလုပ်ခဲ့တဲ့ အင်တာဗျူးမှာ ထုတ်ဖော် ပြောကြားသွားခဲ့ပါတယ်။

အသက် ၁၇နှစ် အရွယ်သာ ရှိသေးတဲ့ ဘရာဇီးလ် လူငယ်ကြယ်ပွင့် တိုက်စစ်မှူး အန်ဒရစ်က ပရော်ဖက်ရှင်နယ် ကစားသမား ဖြစ်လာတာ ၂နှစ်တောင် မပြည့်သေးပေမယ့် သူက ဘရာဇီးလ်ကလပ် ပါးလ်မီးရက်စ်ရဲ့ အဓိက တိုက်စစ်မှူး အဖြစ် ခြေစွမ်းကောင်းတွေ ပြသနိုင်ခဲ့သူပါ။

Photo Credit: Bein Sports

အန်ဒရစ်က ပါးလ်မီးရက်စ် အတွက် ပြိုင်ပွဲစုံမှာ ၆၀ပွဲ ပါဝင် ကစားပေးခဲ့ရာ သွင်းဂိုး ၁၇ဂိုး အထိ သွင်းယူနိုင်ခဲ့သလို ဂိုးဖန်တီးမှု ၂ကြိမ် ပြုလုပ်နိုင်ခဲ့ပါတယ်။

သူ့ရဲ့ ခြေစွမ်းကောင်းတွေကြောင့်ပဲ ရီးရဲလ်မက်ဒရစ် အပါအဝင် ဥရောပ ထိပ်သီးအသင်းတွေက သူ့ကို ခေါ်ယူဖို့ အပြိုင်အဆိုင် ကြိုးစားခဲ့ကြပြီး အန်ဒရစ်ကတော့ သူ့ရဲ့ ငယ်ဘဝ အိမ်မက်အသင်း ဖြစ်တဲ့ ရီးရဲလ်မက်ဒရစ်ဆီသာ ပြောင်းဖို့ ဆုံးဖြတ်ခဲ့ပါတယ်။

ရီးရဲလ်မက်ဒရစ်က အန်ဒရစ် အတွက် ပါးလ်မီးရက်စ်ထံ ပြောင်းရွှေ့ကြေး ယူရို ၃၇.၅သန်း ပေးချေခဲ့ရသလို နောက်ထပ် ဆုကြေးတွေလည်း ပေးချေရဖို့ ရှိနေပြီး အန်ဒရစ်ဟာ ရီးရဲလ်မက်ဒရစ်နဲ့ ကာလရှည် စာချုပ်တရပ် ချုပ်ဆိုဖို့ သဘောတူထားပါတယ်။

Photo Credit: The Sun

အန်ဒရစ်က ယခုနှစ် ဘောလုံးရာသီ အကုန်မှ ရီးရဲလ်မက်ဒရစ်နဲ့ ပူးပေါင်းခွင့် ရမှာ ဖြစ်ပေမယ့် အန်ဒရစ်ဟာ ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်းမှာပဲ စပိန်နိုင်ငံဆီ ရောက်လာကာ ရီးရဲလ်မက်ဒရစ်ရဲ့ ဘုတ်အဖွဲ့ဝင်တွေ ၊ နည်းပြအဖွဲ့ဝင်တွေ ၊ ကစားသမားတွေနဲ့ တွေ့ဆုံခဲ့သလို အင်တာဗျူး တခုလည်း လုပ်ခဲ့ပြီး အဆိုပါ အင်တာဗျူးမှာ အန်ဒရစ်က သူ့ရဲ့ ပန်းတိုင်တွေကို ထုတ်ပြောခဲ့ပါတယ်။

အန်ဒရစ်က – “ကျွန်တော်က ရီးရဲလ်မက်ဒရစ်နဲ့အတူ ချန်ပီယံလိဂ် ဆုဖလား ၅လုံးကို ဆွတ်ခူးချင်ပါတယ်။ ပြီးတော့ လာလီဂါ ဆုဖလားကိုလည်း ၁၀လုံး ရယူချင်ပါတယ်။ ကျွန်တော့်ရဲ့ ငယ်ဘဝ အိမ်မက်က ရီးရဲလ်မက်ဒရစ်မှာ ကစားခွင့် ရဖို့ပါ။ ဘာကြောင့်လဲဆိုတော့ ကျွန်တော့်အဖေနဲ့ ကျွန်တော်က ရီးရဲလ်မက်ဒရစ် ပရိသတ်တွေ ဖြစ်နေလို့ပါ” လို့ ဖွင့်ဟ ပြောကြားသွားခဲ့တာပါ။