လီဗာပူးလ်အသင်းရဲ့ ကွင်းလယ် ကစားသမားဟောင်း လက်ရှိ ဒေါ့မွန်အသင်းရဲ့ ကွင်းလယ် ကစားသမား အမ်မရီ ချန်ကတော့ အသင်းဖော် တောင်ပံ ကစားသမား ဆန်ချိုကို အင်္ဂလန်နိုင်ငံက မန်ယူအသင်းကို မပြောင်းဘဲနဲ့ ဒေါ့မွန်အသင်းမှာ ထာဝရ နေပါလို့ ပြောခဲ့ပါတယ်။ ကွင်းလယ်လူ အမ်မရီ ချန်ဟာ ပြီးခဲ့တဲ့ ဇန်နဝါရီလ အပြောင်းအရွေ့ ဈေးကွက် အတွင်းမှာ လီဗာပူးလ်အသင်းကနေ ဒေါ့မွန်အသင်းကို ပြောင်းသွားတာ ဖြစ်ပြီး ဒေါ့မွန်အသင်းအတွက် ဘွန်ဒက်စ်လီဂါ ပွဲစဉ် (၅) ပွဲ ကစားထားရာမှာ သွင်းဂိုး (၁) ဂိုး သွင်းယူထားပြီ ဖြစ်ပါတယ်။

Photo Credit: Metro

ဆန်ချိုဟာ ပြီးခဲ့တဲ့ စနေ့ညက ရှော်ကေးအသင်းကို (၄-ဝ) ရလဒ်နဲ့ အနိုင်ရရှိခဲ့တဲ့ ပွဲစဉ်က ဒုတိယပိုင်းမှာ လူစားလဲ ဝင်ရောက် ကစားခဲ့ပြီး မန်ယူအသင်းကတော့ ဆန်ချိုကို ခေါ်ယူဖို့ စိတ်ဝင်စားနေပြီး လာမယ့် အပြောင်းအရွေ့မှာ ခေါ်ယူနိုင်မယ်လို့ မျှော်လင့်နေပါတယ်။ ဆန်ချိုဟာ အသက် (၂၀) နှစ်အရွယ်သာ ရှိသေးပေမယ့်လည်း ခြေစွမ်းပြနိုင်တာကြောင့်မို့ မန်ယူအသင်း အပါအဝင် အသင်းကြီးတွေရဲ့ စိတ်ဝင်စားမှုကို ခံနေရပြီး ဒေါ့မွန် ကွင်းလယ်ကစားသမား အမ်မရီ ချန်ကတော့ သူ့ကို ဒေါ့မွန်အသင်းမှာ ဆက်နေဖို့ ပြောသွားခဲ့ပါတယ်။

Photo Credit: Metro

Sport Bild သတင်းမှာ အမ်မရီ ချန်က “ဒေါ့မွန်အသင်းထက် မန်ယူအသင်းကို ရွေးချယ်ဖို့ အကြောင်းအရင်း မရှိဘူးလို့ ကျွန်တော် မြင်ပါတယ်။ အားကစား ရူထောင့်ကနေပဲ ဖြစ်စေ ရွေးချယ်စရာ အကြောင်း မရှိပါဘူး။ ကျွန်တော် ဆန်ချိုကို ဒေါ့မွန်အသင်းမှာ ဆက်နေဖို့ နဲ့ အတူတူ ထာဝရ တွဲကစားဖို့ ပြောခဲ့ပါတယ်။ ဆန်ချိုက အခြား ကစားသမားတွေ မပိုင်ဆိုင်ထားတဲ့ အဆင့်အတန်းကို ပိုင်ဆိုင်ထားပါတယ်။ ကျွန်တော် အဲဒီအဆင့်အတန်းကို အလျှင်အမြန် သတိထားမိခဲ့ပါတယ်။ ဆန်ချိုက ကျွန်တော်တို့ အသင်းအတွက် အလွန် အင်မတန် အရေးကြီးတဲ့ ကစားသမား တစ်ယောက် ဖြစ်ပါတယ်”လို့ ပြောကြားသွားတာ ဖြစ်ပါတယ်။