MySport Myanmar

ဘာပေပြီးနောက် ချူအာမန်နီကိုပါ ထပ်မံ ပြောဆိုလာခဲ့ပြန်တဲ့ ဂိုးသမား မာတီနက်ဇ်

ကမ္ဘာ့ဖလားပြိုင်ပွဲကြီး ပြီးဆုံးသွားချိန်အထိ ပြင်သစ် တိုက်စစ်ကစားသမား ကီလီယန်အမ်ဘာပေကို လှောင်ပြောင်မှုတွေ ထပ်မံ ပြုလုပ်နေသေးတဲ့ အာဂျင်တီးနား ဂိုးသမား အယ်မီလီယာနိုမာတီနက်ဇ်က အခုလည်း နောက်ထပ် ပြင်သစ် ကစားသမားတစ်ဦးဖြစ်သူ ကွင်းလယ်လူ ချူအာမန်နီအကြောင်းကိုပါ ပြောဆိုလာခဲ့ပြန်ပါတယ်။

Photo Credit : Daily Mail

လက်ရှိအချိန်မှာ ၂၀၂၂ကာတာကမ္ဘာ့ဖလားပြိုင်ပွဲ ကျင်းပပြီးစီးသွားတာ တစ်ပတ်ခန့်လောက် ရှိတော့မှာ ဖြစ်ပေမယ့်လည်း ကမ္ဘာ့ဖလားနဲ့ ပတ်သတ်ပြီး ပြောဆိုမှုတွေက ရှိနေသေးသလို အထူးသဖြင့် ကမ္ဘာ့ဖလားချန်ပီယံ အာဂျင်တီးနားအသင်းရဲ့ ဂိုးသမားဖြစ်သူ မာတီနက်ဇ်က ဖိုင်နယ်မှာ သူတို့အသင်း အနိုင်ယူခဲ့တဲ့ ပြင်သစ်အသင်းရဲ့ ကစားသမားတွေနဲ့ ပတ်သတ်ပြီး လှောင်ပြောင် ပြောဆိုမှုတွေ လုပ်ဆောင်နေခဲ့ပါတယ်။ အခုလည်း မာတီနက်ဇ်က ကမ္ဘာ့ဖလား ဖိုင်နယ်ပွဲအတွင်း ပင်နယ်တီ အဆုံးအဖြတ် ခံယူနေစဉ်အတွင်း သူရဲ့ ပင်နယ်တီ ကာကွယ်နိုင်မှုကြောင့် ပြင်သစ်ကစားသမားတွေ စိတ်မတည်မငြိမ် ဖြစ်လာခဲ့ရကြောင်း ပြောဆိုလာခဲ့ပြန်ပါတယ်။

Photo Credit : Daily Mail

“ကျွန်တော် ပင်နယ်တီ ကန်သွင်းချက်ကို စတင် ကာကွယ်လိုက်ပြီးချိန်မှာ နောက်ထပ် ပင်နယ်တီ ကန်သွင်းမယ့် ကောင်လေးလည်း စိတ်ဂဏာမငြိမ် ဖြစ်သွားရမယ်ဆိုတာကို ကျွန်တော် သိလိုက်တယ်။ သူ ကန်သွင်းလိုက်တယ်။ ဘေးချော်သွားတယ်။ သူက အရာအားလုံးကို ဖျက်ဆီးခဲ့လိုက်တယ်” လို့ မာတီနက်ဇ်က ပြောဆိုသွားခဲ့ပါတယ်။ ၂၀၂၂ကာတာကမ္ဘာ့ဖလားမှာ ရွှေလက်အိတ်ဆုကို ပိုင်ဆိုင်ခဲ့တဲ့ မာတီနက်ဇ်ဟာ ဖိုင်နယ်ပွဲရဲ့ ပင်နယ်တီ အဆုံးအဖြတ် ခံယူနေစဉ်အတွင်း ဘာပေနဲ့ မူအာနီတို့ရဲ့ ကန်သွင်းချက်တွေကို မကာကွယ်နိုင်ခဲ့ပေမယ့် ပြင်သစ်ရဲ့ ဒုတိယမြောက် ပင်နယ်တီ ကန်သွင်းမှုဖြစ်တဲ့ ကိုးမန်းရဲ့ ကန်သွင်းချက်ကို ကာကွယ်နိုင်ခဲ့ပြီး ကိုးမန်းအပြီး ပြင်သစ်ရဲ့ တတိယမြောက် ပင်နယ်တီကို ကန်သွင်းခဲ့တဲ့ ကွင်းလယ်လူ ချူအာမန်နီမှာလည်း ပင်နယ်တီ ကန်သွင်းရာမှာ ဂိုးပေါက်နဲ့ လွဲချော်ခဲ့ရပါတယ်။ ဒီလွဲချော်မှုက သူရဲ့ ပင်နယ်တီ ကာကွယ်ထားနိုင်မှုကြောင့် ပင်နယ်တီ ကန်သွင်းမယ့် ကစားသမားစိတ်က မတည်မငြိမ် ဖြစ်သွားခဲ့ရတာလို့ မာတီနက်ဇ်က ပြောဆိုလာခဲ့ပါတယ်။ ဒီလို ပြောဆိုမှုတွေ လှောင်ပြောင်မှုတွေကြောင့်လည်း ပြင်သစ်မီဒီယာတစ်ခုက မာတီနက်ဇ် “လူမုန်းအများဆုံး အာဂျင်တီးနား ဘောလုံးသမား”လို့ပါ ခေါင်းစဉ်တပ်သွားခဲ့ပါတယ်။

Exit mobile version