အက်စတွန်ဗီလာအသင်းဘက်ကနေ အသည်းအသန်ကို အလိုရှိနေတဲ့ လူငယ်ကွင်းလယ်တိုက်စစ် ကစားသမားလေး အမ်မီးလ်စမစ်ရိုးကို အာဆင်နယ်အသင်းဘက်က လုံးဝကို ရောင်းထုတ်သွားဖို့ ဆန္ဒမရှိပဲ အသင်းရဲ့ ပွဲထွက်ကစားသမားအဖြစ် ဆက်လက်နေရာပေးသွားဖို့ အစီအစဉ် ရှိနေသလို ကစားသမားကိုလည်း လစာတိုးမြှင့်ပေးပြီး စာချုပ်သစ်တစ်ရပ်ပါ ချုပ်ဆိုသွားဖို့ ပြင်ဆင်နေတယ်လို့ သိရှိရပါတယ်။

Photo Credit : Daily Advent

အသက်(၂၀)အရွှယ်သာ ရှိနေသေးတဲ့ အင်္ဂလန်လူငယ်ကစားသမားလေး စမစ်ရိုးဟာ ပြီးခဲ့တဲ့ ဘောလုံးရာသီအတွင်း အာဆင်နယ်အသင်းအတွက် ပြိုင်ပွဲစုံ(၃၃)ပွဲအထိကို ပါဝင်ကစားပေးနိုင်ခဲ့ပြီး သွင်းဂိုး(၄)ဂိုးနဲ့ ဂိုးဖန်တီးမှု (၇)ဂိုးအထိကို ပြုလုပ်နိုင်ခဲ့ပါတယ်။ အာဆင်နယ်အသင်းဟာ ပြီးခဲ့တဲ့ရာသီအတွင်း ဆိုးဆိုးရွှားရွှား ဘောလုံးရာသီတစ်ခုကို ဖြတ်သန်းခဲ့ရတာဖြစ်ပေမယ့်လည်း အသင်းရဲ့ လူငယ်ကစားသမားလေးတွေဖြစ်တဲ့ ဘာကာယိုဆာကာနဲ့ စမစ်ရိုးတို့ကတော့ အသင်းအတွက် အကောင်းဆုံးတွေ စွမ်းဆောင်ပေးနိုင်ခဲ့ကြပါတယ်။

Photo Credit : Pain in the Arsenal

ဒီလို စွမ်းရည်မျိုးကို ပြသနိုင်ခဲ့တဲ့ လူငယ်ကစားသမားလေး စမစ်ရိုးကို လတ်တလောမှာ ဗီလာအသင်းကနေ အမှန်တကယ်ကို အလိုရှိနေပြီး အသင်းမှာ အနာဂတ် မရေမရာ ဖြစ်လို့နေတဲ့ အသင်းခေါင်းဆောင် ဂျက်ဂရီးလစ်ရှ်နဲ့နေရာမှာ ပြန်လည်အစားထိုးချင်နေတာ ဖြစ်ပါတယ်။ ဒါပေမယ့် ဗီလာဘက်ကနေ စမစ်ရိုးအတွက် ပေါင်(၂၅)သန်းနဲ့ ကနဦး ကမ်းလှမ်းချက်ကိုရော ပေါင်သန်း(၃၀)နဲ့ ဒုတိယအကြိမ် ကမ်းလှမ်းမှုတွေကိုပါ အာဆင်နယ်က ငြင်းဆန်ပယ်ချထားခဲ့ပါတယ်။ အာဆင်နယ်အသင်းဟာ စမစ်ရိုးကို ရောင်းချသွားဖို့ ဆန္ဒမရှိပဲ ဒီကစားသမားလေးကို အသင်းနဲ့သာ နှစ်ရှည်သက်တမ်းသွားဖို့ ပြင်ဆင်လျက် ရှိနေကာ (၅)နှစ်စာချုပ် ချုပ်ဆိုသွားမယ်လို့လည်း သိရှိရပါတယ်။ အာဆင်နယ် လူငယ်အကယ်ဒမီကနေ ပေါ်ထွက်လာခဲ့တဲ့ ကွင်းလယ်တိုက်စစ်ကစားသမား စမစ်ရိုးဟာ ၂၀၁၉ခုနှစ်အတွင်း ဂျာမန်ထိပ်သီးကလပ် လိုက်ပ်ဇစ်အသင်းမှာ တစ်ရာသီအငှားနဲ့ သွားရောက်ကစားခဲ့ရသလို ၂၀၂၀ခုနှစ်ကလည်း ဟက်ဒါဖီးအသင်းမှာ အငှားသွားကစားခဲ့ရပါတယ်။ စမစ်ရိုးဟာ ၂၀၂၀-၂၀၂၁ ဘောလုံးရာသီမှ အာဆင်နယ်စီနီယာအသင်းအတွက် ပထမဆုံးအကြိမ်အဖြစ် ပါဝင်ကစားခွင့်ရခဲ့တာဖြစ်ပြီး အသင်းအတွက် ပွဲဦးထွက်ရတဲ့ ဘောလုံးရာသီမှာပဲ စိတ်ကျေနပ်စရာကောင်းအောင် ကစားနိုင်ခဲ့တာကြောင့် အသင်းဘက်ကနေ အခုလို သက်တမ်းတိုးချင်နေရတာဖြစ်ပါတယ်။