ပရီးမီးယားလိဂ်ရဲ့ ဖျက်မြင်းအသင်းတွေထဲက တသင်း ဖြစ်တဲ့ အက်စ်တွန်ဗီလာရဲ့ နည်းပြချုပ် ဖြစ်သူ အမ်မရီက မနက်ဖြန်ညမှာ ယှဉ်ပြိုင် ကစားရမယ့် သူတို့ရဲ့ ပြိုင်ဘက်အသင်း ဖြစ်တဲ့ ချယ်လ်ဆီးဟာ နည်းပြသစ် ဂရေဟမ် ပေါ်တာရဲ့ လက်အောက်မှာ အရမ်းကို တိုးတက်လာတဲ့ အသင်း ဖြစ်ကြောင်း ချီးကျူးစကား ပြောကြားသွားခဲ့ပါတယ်။

အမ်မရီရဲ့ ဗီလာနဲ့ ပေါ်တာရဲ့ ချယ်လ်ဆီးတို့က မနက်ဖြန် (စနေနေ့) ည ၁၁နာရီအချိန်မှာ ချယ်လ်ဆီးရဲ့ စတမ်းဖို့ဒ် ဘရေ့ချ် ကွင်းကြီးထဲမှာ ရင်ဆိုင် ယှဉ်ပြိုင်ကြရမှာ ဖြစ်ပြီး အဆိုပါပွဲဟာ ဥရောပဝင်ခွင့် အတွက် နိုင်ပွဲတွေ လိုအပ်နေတဲ့ ချယ်လ်ဆီး အတွက် သေချာပေါက် အနိုင်ကစားရမယ့် ပွဲပါ။

Photo Credit: Sky Sports

ချယ်လ်ဆီးနဲ့ ဗီလာတို့က ပရီးမီးယားလိဂ်ပြိုင်ပွဲရဲ့ အဆင့်(၉)နဲ့ အဆင့်(၁၀) နေရာတွေကို သိမ်းပိုက်ထားနိုင်တဲ့ အသင်းတွေ ဖြစ်ပြီး နှစ်သင်းစလုံးက ရမှတ် ၃၈မှတ်စီ စု​ဆောင်းထားနိုင်သလို နောက်ဆုံး ကစားခဲ့တဲ့ ၅ပွဲမှာ ၃ပွဲနိုင် ၊ ၁ပွဲသရေ ၊ ၁ပွဲရှုံး ဆိုတဲ့ ရလဒ်တွေ ပိုင်ဆိုင်ထားတာလည်း တူညီနေပါတယ်။

ဒါကြောင့် ချယ်လ်ဆီးနဲ့ ဗီလာတို့ရဲ့ ပွဲစဉ်က အကြိတ်အနယ် ရှိမယ့် ပွဲကောင်း တပွဲ ဖြစ်ပြီး အဆိုပါပွဲ အတွက် ပွဲကြို အင်တာဗျူးမှာတော့ ဗီလာနည်းပြ အမ်မရီက ပေါ်တာရဲ့ လက်အောက်မှာ ချယ်လ်ဆီးဟာ တဖြည်းဖြည်းချင်း တိုးတက်နေပြီလို့ သုံးသပ် ချီးကျူးသွားခဲ့ပါတယ်။

Photo Credit: Sky Sports

အမ်မရီက – “ဂရေဟမ် ပေါ်တာဟာ ဘရိုက်တန်မှာ အောင်မြင်ခဲ့တဲ့ နည်းပြတယောက်ပါ။ ဒါပေမယ့် သူက သူ့ရဲ့ အတွေးအခေါ်တွေကို ချယ်လ်ဆီးမှာ ချပြနိုင်ဖို့ အတွက် အချိန် လိုအပ်ပါတယ်။ အခုဆိုရင် ချယ်လ်ဆီးက ပေါ်တာရဲ့ လက်အောက်မှာ တဖြည်းဖြည်း ပိုကောင်းလာတာကို ခင်ဗျားတို့ မြင်ကြရမှာပါ။ တူဟယ်လ်က ချယ်လ်ဆီးမှာ အောင်မြင်မှုတွေ ရယူနိုင်ခဲ့သလို ပေါ်တာ တယောက် ဘရိုက်တန်နဲ့အတူ ပြသနိုင်ခဲ့တဲ့ စွမ်းဆောင်ရည်တွေကလည်း အထင်ကြီးစရာ ကောင်းပါတယ်။ ဘရိုက်တန်မှာ ပြသခဲ့တဲ့ စွမ်းဆောင်ရည်တွေကြောင့်ပဲ ပေါ်တာဟာ ချယ်လ်ဆီးလို အသင်းကြီး တသင်းကို ကိုင်တွယ်ခွင့် ရတာနဲ့ ထိုက်တန်တယ်လို့ မြင်ပါတယ်။ အခုဆိုရင် ချယ်လ်ဆီးက တိုးတက်နေပါပြီ။ ပေါ်တာက ဘရိုက်တန်မှာ လုပ်ပြခဲ့တဲ့ အရာအားလုံးကို ချယ်လ်ဆီးမှာလည်း လုပ်ပြနိုင်ပါတယ်။ သူက အချိန်နည်းနည်းပဲ လိုတာပါ။ သူတို့က ချန်ပီယံလိဂ်ပြိုင်ပွဲမှာ စွမ်းဆောင်ရည်ကောင်းတွေ ဆက်တိုက် ပြနိုင်ခဲ့ပေမယ့် ပရီးမီးယားလိဂ်မှာတော့ ခြေစွမ်းပိုင်း တည်ငြိမ်မှု အားနည်းနေပါတယ်။ ဒါပေမယ့် ကျွန်တော်တို့က စနေနေ့မှာ ပရီးမီးယားလိဂ်ရဲ့ အကောင်းဆုံးအသင်းတွေထဲက တသင်းနဲ့ ရင်ဆိုင်ရမယ် ဆိုတာ သိထားပါတယ်။ ချယ်လ်ဆီးနဲ့ပွဲက ကျွန်တော်တို့ အတွက် ကောင်းမွန်တဲ့ စိန်ခေါ်မှု တခုပါပဲ။ ဒီလို စိန်ခေါ်မှုတွေကြောင့်လည်း ကျွန်တော်က ပရီးမီးယားလိဂ်ဆီ ပြန်လာတာပါ” လို့ ဂရေဟမ် ပေါ်တာကို ချီးကျူးသွားခဲ့တာပဲ ဖြစ်ပါတယ်။