အက်စတွန် ဗီလာ အသင်းနည်းပြ အူနိုင်း အမ်မရီက သူတို့အသင်းအနေနဲ့ ဂရိမြေမှာ အိမ်ရှင် အိုလံပီယာကော့စ်အသင်းကို အနိုင်ယူ ကျော်ဖြတ်ပြီး ကွန်းဖရန့်စ်လိဂ် ဖိုင်နယ်ဆီ တက်လှမ်းသွားနိုင်လိမ့်မယ်လို့ ယုံကြည်ကြောင်း ပြောဆိုလာခဲ့ပါတယ်။

ဒီနှစ်ဘောလုံးရာသီရဲ့ ဥရောပပြိုင်ပွဲတွေထဲမှာ ဆက်လက် ကျန်ရှိနေသေးတဲ့ တစ်သင်းတည်းသော ပရီးမီးယားလိဂ်ကလပ် ဗီလာအသင်းဟာ ကွန်းဖရန့်စ်လိဂ် ဆီမီးဖိုင်နယ် ပကျော့ ဗီလာပါ့ခ်မှာ ကစားခဲ့ရတဲ့ ပွဲစဉ်အတွင်း ဧည့်သည် အိုလံပီယာကော့စ်အသင်းကို (2-4) နဲ့ ရှုံးနိမ့်ခဲ့လို့ ဖိုင်နယ်တက်ဖို့က အတော်လေး ခက်ခဲသွားခဲ့ရပါတယ်။

Photo Credit : Tovima

ဗီလာအနေနဲ့ အိုလံပီယာကော့စ်ကို ရှုံးနိမ့်အပြီး ပရီးမီးယားလိဂ်မှာပါ ဘရိုက်တန်ကို ထပ်ရှုံးခဲ့ပြန်လို့ ချန်ပီယံလိဂ်ဝင်ခွင့် ရရှ်ိဖို့အတွက်ကိုလည်း နောက်ပွဲတွေအထိ ဆက်လက် ယှဉ်ပြိုင်ရပါဦးမယ်။ အခုတော့ ဗီလာက ဂရိမြေမှာ ကွန်းဖရန့်စ်လိဂ် ဆီမီး ဒုကျော့ပွဲအတွက်ကိုသာ ပိုမို အာရုံစိုက်ထားရပါမယ်။

အိုလံပီယာကော့စ်ကတော့ ဒီရာသီရဲ့ ယူရိုပါလိဂ်နဲ့ ကွန်းဖရန့်စ်လိဂ် အိမ်ကွင်းပွဲစဉ်တွေမှာ မက္ကာဘီတဲလ်အဗစ်နဲ့ ဖရိုင်းဘတ်တို့ကိုသာ ရှုံးနိမ့်ခဲ့ပြီး ကျန်တဲ့ အိမ်ကွင်းပွဲကိုတော့ နိုင်ပွဲတွေ ရယူထားနိုင်ခဲ့ပါတယ်။

Photo Credit : Youtube

အခု ဂရိမြေမှာ ကစားရမယ့် ဆီမီး ဒုကျော့ပွဲနဲ့ ပတ်သက်ပြီး ဗီလာနည်းပြ အမ်မရီက “ဒီပွဲက ကျွန်တော်တို့အတွက် စိန်ခေါ်မှုတွေနဲ့ ပြည့်နက်နေမယ့် ပွဲပါ။ ဒီပွဲက ဒီရာသီမှာ ကျွန်တော်တို့အသင်း ရင်ဆိုင်ရမယ့် အကြီးမားဆုံး စိန်ခေါ်မှု ဖြစ်နေမယ့်ပွဲမျိုးပါ။ ကျွန်တော်တို့ဘက်ကလည်း အကောင်းဆုံး စွမ်းဆောင်မှုတွေနဲ့ ယှဉ်ပြိုင်သွားပါမယ်။ ဖိုင်နယ်ဆီ တက်လှမ်းနိုင်မယ်လို့လည်း ယုံကြည်ထားပါတယ်။” လို့ ပြောဆိုသွားခဲ့ပါတယ်။

ဗီလာအသင်းဟာ ဒီရာသီမှာ အဆင့်(၄)နေရာနဲ့ ချန်ပီယံလိဂ်ဝင်ခွင့်ကို ရရှိဖို့ အလွန် အခြေအနေကောင်းနေရသလို ကွန်းဖရန့်စ်လိဂ်မှာလည်း ချန်ပီယံဖြစ်ဖို့ ရေပန်းစားနေပေမယ့် ဒီညမှာတော့ အိုလံပီယာကော့စ်ကို အနိုင်ယူ ကျော်ဖြတ်နိုင်ဖို့ လိုအပ်နေရပါတယ်။