ဘရာဇီး နောက်ခံအစွန်လူ အီမာဆန်ရိုင်ရယ်ကတော့ ပြီးခဲ့တဲ့ နွေစျေးကွက်အတွင်းမှာ ရီးယဲလ်ဘက်တစ်အသင်းကနေ ဘာစီလိုနာအသင်းဆီကို အပြီးသတ် ရောက်ရှိလာခဲ့တာဖြစ်ပြီး နွေစျေးကွက်ရဲ့ အပြောင်းအရွှေ့ နောက်ဆုံးနေ့မှာပဲ ဘာစီလိုနာအသင်းကနေပါ စပါးအသင်းဆီကို ထပ်မံပြောင်းရွှေ့ခဲ့ရပြန်ပါတယ်။ ဒီလို စျေးကွက်တစ်ခုတည်းမှာပဲ အပြောင်းအရွှေ့ (၂)ကြိမ် ဖြစ်ပေါ်ခဲ့ရတာနဲ့ပတ်သက်ပြီး ဘာစီလိုနာအသင်းရဲ့ လုပ်ရက်ကို စိတ်ပျက်မိတယ်လို့ အီမာဆန်က ဖွင့်ဟသွားခဲ့ပါတယ်။

Photo Credit : Daily Mail

အသက်(၂၂)နှစ်အရွှယ်သာ ရှိနေသေးတဲ့ ဘရာဇီးညာနောက်ခံကစားသမား အီမာဆန်ဟာ ၂၀၁၉ခုနှစ်မှာပဲ ဘရာဇီးကလပ် အသကက်လက်တီကိုမင်နဲရိုးကနေ ဘာစီလိုနာအသင်းဆီကို ရောက်ရှိလာခဲ့ပြီး ဘာစီလိုနာနဲ့ နောက်ထပ် လာလီဂါကလပ် ရီးယဲလ်ဘက်တစ်အသင်းတို့ သဘောတူညီမှု ရယူခဲ့ကာ အီမာဆန်ကို (၂)သင်းပိုင်အဖြစ် သတ်မှတ်ခဲ့ပါတယ်။ ရီးယဲလ်ဘက်တစ်မှာ (၂)ရာသီနီးပါး ပါဝင်ကစားခဲ့ပြီးနောက် ၂၀၂၁ခုနှစ်မှာတော့ ဘာစီလိုနာက အီမာဆန်ကို အပြီးသတ် ပြန်လည်ခေါ်ယူခဲ့ပေမယ့်လည်း အသင်းရဲ့ ဘဏ္ဍာရေး အခြေအနေတွေကြောင့် ခေါ်ယူပြီး လပိုင်းအကြာမှာပဲ စပါးအသင်းဆီ ရောင်းချသွားဖို့ ဆုံးဖြတ်လိုက်ရတာ ဖြစ်ပါတယ်။

Photo Credit : Goal

ဘာစီလိုနာအသင်းဟာ အီမာဆန်ကို ဘက်တစ်ကနေ ယူရို(၉)သန်းနဲ့ ခေါ်ယူခဲ့ပေမယ့်လည်း စပါးအသင်းဆီကိုတော့ ယူရိုသန်း(၃၀)ဝန်းကျင်နဲ့ ပြန်လည်ရောင်းချခဲ့တာဖြစ်ပြီး ဒီအပြောင်းအရွှေ့နဲ့ပတ်သက်ပြီးတော့ သူ့ကို စိတ်ရှုပ်ထွေးစေခဲ့ရတယ်လို့ အီမာဆန်က ဖွင့်ဟပြောဆိုလာခဲ့ပါတယ်။ အီမာဆန်က “ကျွန်တော်ကတော့ ကလပ်အသင်းက ကျွန်တော့်ကို အသင်းမှာ ဆက်ရှိနေစေချင်တယ်လို့ ထင်ခဲ့မိတာ။ ပြီးခဲ့တဲ့ တနင်္ဂနွေနေ့က ပွဲစဉ်မှာဆိုရင်လည်း အသင်းအတွက် ပွဲထွက်ကစားပေးခဲ့တယ်။ နောက်နေ့မနေ့ အိပ်ရာနိုးတော့ အသင်းရဲ့ လေ့ကျင့်ရေး အစီအစဉ်မှာ အေးဆေးလေ့ကျင်ခဲ့တယ်။ အဲ့ဒီနောက်မှာတော့ ကိစ္စရပ်တွေ အများကြီး ဖြစ်လာခဲ့ရတာကို ကျွန်တော်စပြီး သိလာခဲ့ရတယ်။ စပါးက ဘာစီလိုနာနဲ့ ဆက်သွယ်လာတယ်။ နောက်ပြီး ဒီကိစ္စက ပြီးဆုံးလုနီးပါး ဖြစ်သွားရတယ်။ ကျွန်တော် ဘာမှမသိလိုက်ရချိန်မှာ အရာအားလုံးက ဖြစ်ပြီးသွားတာကို ကျွန်တော် နားမလည်နိုင်ဘူး။ ကျွန်တော် ဘာစီလိုနာမှာပဲ ဆက်နေချင်တယ်လို့ ပြောခဲ့ပေမယ့် သူတို့ကတော့ ကျွန်တော့်ကို ရောင်းချဖို့ပဲ စီစဉ်ခဲ့တယ်။ နောက်ပိုင်းမှာတော့ ကျွန်တော့်ကို စိတ်ပျက်အောင် လုပ်နေတဲ့ ဒီအသင်းမှာ ဆက်မနေချင်တော့လို့ ထွက်ခွာသွားဖို့ကိုပဲ ရွေးချယ်လိုက်ရတာပါ” လို့ ပြောဆိုသွားခဲ့ပါတယ်။