မကြာသေးမီကမှ ကမ္ဘာပေါ်မှာ အကျော်ကြားဆုံး ဆိုရှယ်မီဒီယာ ပလက်ဖောင်း တခု ဖြစ်တဲ့ တွစ်တာကို အမေရိကန် ဒေါ်လာ ၄၄ ဘီလီယံ အထိ ပေးချေကာ ဝယ်ယူထားတဲ့ ကမ္ဘာ့အချမ်းသာဆုံး သူဌေး ၃ဦး စာရင်းဝင် အီလွန်မက်စ်ကတော့ အမေရိကန် သန်းကြွယ်သူဌေး မိသားစု ဖြစ်တဲ့ ဂလေဇာမိသားစုက အရောင်းစာရင်း တင်ထားတဲ့ မန်ချက်စတာ ယူနိုက်တက်ကို ဝယ်ယူဖို့ စိတ်ဝင်စားလာကြောင်း နာမည်ကြီး သတင်းဌာန တခု ဖြစ်တဲ့ Daily Mail သတင်းဌာနက အခိုင်အမာ ဖော်ပြသွားခဲ့ပါတယ်။

တွစ်တာ ၊ တက်စလာနဲ့ SpaceX စတဲ့ ကမ္ဘာကျော် ကုမ္ပဏီတွေကို ပိုင်ဆိုင်ထားတဲ့ အီလွန်မက်စ်က အကြမ်းဖျင်းအားဖြင့် အမေရိကန် ဒေါ်လာ ၂၀၀ ဘီလီယံကျော် ချမ်းသာပြီး သူ့ရဲ့ ပိုင်ဆိုင်မှုတွေကို နာမည်ကြီး ကုမ္ပဏီတွေရဲ့ အစုရှယ်ယာတွေ အဖြစ် ပြောင်းလဲထားတာကြောင့် သူ့ရဲ့ ကြွယ်ဝချမ်းသာမှုက အချိန်မရွေး တက်သွားနိုင်ပါသေးတယ်။

Photo Credit: Reuters

တဖက်မှာတော့ အမေရိကန် သန်းကြွယ်သူဌေး မိသားစု ဖြစ်တဲ့ ဂလေဇာမိသားစုက ပရီးမီးယားလိဂ်ရဲ့ နာမည်အကြီးဆုံးကလပ် ဖြစ်တဲ့ မန်ချက်စတာ ယူနိုက်တက်ကို ပြန်လည် ရောင်းချမယ့် အကြောင်းကို ၂၀၂၂ခုနှစ် ကုန်ခါနီးမှ တရားဝင် ကြေညာခဲ့ပြီး ဂလေဇာမိသားစုရဲ့ ကြေညာချက်ကြောင့်ပဲ ကမ္ဘာတလွှားမှာ ရှိတဲ့ ဘီလီယံနာတွေက မန်ချက်စတာ ယူနိုက်တက်ကို ဝယ်ယူဖို့ စိတ်ဝင်စားနေကြပါတယ်။

မန်ချက်စတာ ယူနိုက်တက်က ကမ္ဘာပေါ်မှာ ပုံရိပ်အမြင့်မားဆုံး ဘောလုံးအသင်း အဖြစ် ရီးရဲလ်မက်ဒရစ် ၊ ဘာစီလိုနာတို့နဲ့ အတူ ရပ်တည်နေနိုင်တဲ့ အသင်းကြီး တသင်း ဖြစ်သလို သူတို့အသင်းရဲ့ ပရိသတ်အင်အားကြောင့် ကမ္ဘာပေါ်မှာ တန်ဖိုးအရှိဆုံး ဘောလုံးအသင်း အဖြစ် မကြာသေးမီကမှ သတ်မှတ်ခံထားရပါသေးတယ်။

Photo Credit: Reuters

ဒါကြောင့်ပဲ ဂလေဇာမိသားစုက ပေါင် ၅၀၀သန်း ဝန်းကျင်နဲ့ ဝယ်ယူထားတဲ့ မန်ချက်စတာ ယူနိုက်တက်ကို ပေါင် ၅ဘီလီယံ ဝန်းကျင်နဲ့ ပြန်လည် ရောင်းထုတ်ဖို့ ဆုံးဖြတ်ထားတာ ဖြစ်ပြီး လက်ရှိမှာတော့ ဆော်ဒီစော်ဘွားတွေ ၊ ကာတာစော်ဘွားတွေနဲ့ ဘီလီယံနာ တချို့က မန်ချက်စတာ ယူနိုက်တက်ကို ဝယ်ယူဖို့ သူတို့ရဲ့ အဆက်အသွယ်တွေ ကနေ တဆင့် အပြိုင် ကြိုးပမ်းနေကြပါတယ်။

နာမည်ကြီး သတင်းဌာန တခု ဖြစ်တဲ့ Daily Mail သတင်းဌာနရဲ့ ဖော်ပြချက်အရ အီလွန်မက်စ်က မန်ချက်စတာ ယူနိုက်တက်ကို ဝယ်ယူဖို့ စိတ်ဝင်စားနေတဲ့ ဘီလီယံနာတွေထဲ ပါဝင်ပြီး အီလွန်မက်စ်ဟာ မန်ချက်စတာ ယူနိုက်တက်ကို ပေါင် ၄.၅ ဘီလီယံ ဝန်းကျင်နဲ့ ဝယ်ယူနိုင်မယ် ဆိုရင် ဝယ်ယူဖို့ စိတ်ကူးရှိနေကြောင်းလည်း သိရပါတယ်။

လက်ရှိမှာတော့ ကာတာ စော်ဘွားခေါင်းဆောင် အယ် သနီရဲ့ မိသားစုက မန်ချက်စတာ ယူနိုက်တက်ကို ဝယ်ယူဖို့ အတွက် တရားဝင် ကမ်းလှမ်းမှု တရပ် ပြုလုပ်ထားပြီး သူတို့ရဲ့ ကမ်းလှမ်းမှုက ပေါင် ၄ဘီလီယံ ဝန်းကျင် တန်ဖိုး ရှိတာကြောင့် အီလွန်မက်စ်ကသာ မန်ချက်စတာ ယူနိုက်တက် အတွက် ကမ်းလှမ်းမှု ပြုလုပ်လာခဲ့ရင် အီလွန်မက်စ်နဲ့ အယ်သနီရဲ့ မိသားစုက မန်ချက်စတာ ယူနိုက်တက်ကို လေလံစနစ်နဲ့ ဈေးအပြိုင် ပေးကာ ဝယ်ယူရဖွယ် ရှိနေပါတယ်။