လက်ရှိ ကမ္ဘာအချမ်းသာဆုံး ပုဂ္ဂိုလ်အဖြစ် သတ်မှတ်ခံထားရတဲ့ အီလွန်မက်ခ်ကတော့ သူဟာ ပရီးမီးယားလိဂ် နာမည်ကြီးကလပ် မန်ချက်စတာ ယူနိုက်တက်ကို ဝယ်ယူတော့မယ်လို့ သူ့ရဲ့ တွစ်တာအကောင့် ကနေ တဆင့် အသိပေးသွားခဲ့ပါတယ်။

ပရီးမီးယားလိဂ် နာမည်ကြီးကလပ် မန်ချက်စတာ ယူနိုက်တက်က လတ်တလောမှာ စွမ်းဆောင်ရည်တွေ ကျဆင်းနေပေမယ့် လက်ရှိအချိန် အထိ ကမ္ဘာ့တန်ကြေးအကြီးဆုံးနဲ့ စီးပွားရေး လုပ်ဖို့ အကောင်းဆုံး ဘောလုံးအသင်း ၅သင်း စာရင်းဝင်နေဆဲ ဖြစ်ပြီး မန်ချက်စတာ ယူနိုက်တက်ကို အားပေးကြတဲ့ ပရိသတ်တွေကလည်း ကမ္ဘာ့အနှံ့အပြားမှာ ထုနဲ့ထေးပါပဲ။

Photo Credit: Daily Star

ဒါကြောင့် မန်ချက်စတာ ယူနိုက်တက်ကို ပိုင်ရှင်မိသားစု ဖြစ်တဲ့ ဂလေဇာမိသားစု လက်ထဲကနေ ပြန်ဝယ်ချင်နေတဲ့ သူဌေးတွေ များစွာ ရှိနေကြပြီး လတ်တလောမှာတော့ ပရိသတ်တွေရဲ့ ဆန့်ကျင်မှုကို ခံနေရတဲ့ ဂလေဇာမိသားစုဟာ မန်ချက်စတာ ယူနိုက်တက်ကို ပြန်လည် ရောင်းချတော့မယ် ဆိုတဲ့ သတင်းတွေလည်း ကျယ်ကျယ်လောင်လောင် ထွက်ပေါ်လာပါတယ်။

ဂလေဇာမိသားစုက မန်ချက်စတာ ယူနိုက်တက်ကို ဝယ်ယူပြီးနောက် လွဲမှားတဲ့ စီမံခန့်ခွဲမှုများစွာ ပြုလုပ်ခဲ့သလို အသင်းရဲ့ နည်းပြတွေ လိုချင်တဲ့ ကစားသမားတွေကို မဝယ်ပေးပဲ ပြောင်းရွှေ့ကြေး နည်းပါးတဲ့ ကစားသမားတွေကိုသာ ဝယ်ယူပေးခဲ့တာကြောင့် မန်ချက်စတာ ယူနိုက်တက်ဟာ တဖြည်းဖြည်းနဲ့ လုံးပါးပါးလာခဲ့ပြီး ယခုနှစ် ဘောလုံးရာသီမှာဆိုရင်လည်း ရာသီအဖွင့်ပွဲ ၂ပွဲကို ရှုံးနိမ့်ထားပါတယ်။

Photo Credit: Daily Star

ဒါကြောင့်ပဲ မန်ချက်စတာ ယူနိုက်တက်ရဲ့ ပရိသတ်တွေက ဂလေဇာမိသားစုကို အသင်းကနေ ထွက်သွားဖို့ ဆန္ဒပြ တောင်းဆိုနေကြပြီး ဂလေဇာမိသားစုကလည်း သူတို့လိုချင်တဲ့ ဒေါ်လာ ၄ဘီလီယံကျော်သာ ရမယ် ဆိုရင် မန်ချက်စတာ ယူနိုက်တက်ကို ပြန်လည် ရောင်းချဖွယ် ရှိကြောင်း အမေရိကန်အခြေစိုက် သတင်းဌာနတွေက ဖော်ပြထားကြပါတယ်။

လက်ရှိ ကမ္ဘာ့အချမ်းသာဆုံး ပုဂ္ဂိုလ်ဖြစ်တဲ့ အီလွန်မက်ခ်က သူဟာ မန်ချက်စတာ ယူနိုက်တက်ကို ဝယ်ယူဖို့ ကြိုးစားနေကြောင်းအား ယနေ့မနက် အစောပိုင်းမှာတင် သူ့ရဲ့ တွစ်တာအကောင့် ကနေ တဆင့် ပရိသတ်တွေကို အသိပေးသွားခဲ့ပြီး မကြာခင်မှာပဲ အီလွန်မက်ခ်ရဲ့ ကိုယ်စားလှယ်တွေက မန်ချက်စတာ ယူနိုက်တက်ကို ဝယ်ယူနိုင်ဖို့ အတွက် ဂလေဇာမိသားစုနဲ့ ဆွေးနွေးဖွယ် ရှိနေပါတယ်။