လီဗာပူးလ်အသင်းရဲ့ ပေါင်(၇၉)သန်းတန် ကစားသမားသစ် ဟူဂို အီကီတီကေးဟာ ပရီးမီးယားလိဂ် ချန်ပီယံအသင်းထံ ဘာကြောင့်ပြောင်းရွှေ့လာခဲ့တယ်ဆိုတဲ့ အကြောင်းရင်းကို ဖွင့်ဟပြောကြားလိုက်ပြီး အန်ဖီးလ်ကွင်းမှာ ပထမဆုံး ပွဲထွက်ခွင့်ရခဲ့တဲ့ ခြေစွမ်းကောင်းတွေနဲ့အတူ ပြိုင်ဘက်တွေကို သတိပေးစကား ဆိုလိုက်ပါတယ်။
ပြင်သစ်တိုက်စစ်မှူး အီကီတီကေးဟာ တနင်္လာနေ့က စပိန်ကလပ် အက်သလက်တစ် ဘီလ်ဘာအိုနဲ့ ကစားခဲ့တဲ့ပွဲစဉ်မှာ ပါဝင်ကစားခဲ့ပြီး အသင်းရဲ့ အဖွင့်ဂိုးကို ဖန်တီးပေးကာ ၃-၂ နဲ့ အနိုင်ရရှိအောင် ကူညီပေးနိုင်ခဲ့ပါတယ်။ ဒီပွဲစဉ်ဟာ ကွယ်လွန်သွားတဲ့ တိုက်စစ်မှူး ဒီယိုဂို ဂျိုတာအတွက် အထိမ်းအမှတ်ပွဲစဉ်အဖြစ် အန်ဖီးလ်မှာ ပထမဆုံးအကြိမ် ပြန်လည်ကစားတဲ့ပွဲလည်း ဖြစ်ပါတယ်။
Photo Credit : 101 Great Goals
လီဗာပူးလ်အသင်းဟာ အသက်(၂၃)နှစ်အရွယ် အီကီတီကေးကို ခေါ်ယူနိုင်ဖို့အတွက် နယူးကာဆယ်နဲ့ မန်ချက်စတာ ယူနိုက်တက်တို့လို အသင်းတွေရဲ့ စိတ်ဝင်စားမှုကို အနိုင်ယူခဲ့ရတာဖြစ်ပါတယ်။ အိမ်ကွင်းပရိသတ်တွေရှေ့မှာ ပထမဆုံးပွဲထွက်ခွင့်မှာပဲ ခြေစွမ်းကောင်းတွေ ပြသနိုင်ခဲ့ပြီးနောက်မှာတော့ အီကီတီကေးက သူဟာ အနိုင်ရလိုစိတ် ပြင်းပြမှုကြောင့် ဖရန့်ဖတ်အသင်းကနေ လီဗာပူးလ်ကို ပြောင်းရွှေ့လာခဲ့တာဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။
သူက LFCTV ကို ပြောကြားရာမှာ “ကျွန်တော်တို့အသင်းမှာ ပြိုင်ဆိုင်လိုစိတ် ပြင်းထန်တဲ့ ကစားသမားတွေချည်းပဲ စုထားတာပါ။ ကျွန်တော်တို့ အရာအားလုံးကို အနိုင်ယူချင်တယ်။ ရာနှုန်းပြည့် အားစိုက်ထုတ်သွားမှာပါ။ ကျွန်တော်ကိုယ်တိုင်လည်း ရာနှုန်းပြည့် ပေးဆပ်သွားမှာပါ။ ကျွန်တော် ဒီကိုရောက်လာတာ အနိုင်ရဖို့ပါပဲ။” လို့ ပြတ်ပြတ်သားသား ပြောဆိုခဲ့ပါတယ်။
Photo Credit : Evening Standard
သူဟာ အသင်းဖော်သစ်တွေနဲ့ ဒုတိယအကြိမ်သာ တွဲဖက်ကစားဖူးသေးပေမယ့် ကွင်းထဲမှာ အချိတ်အဆက်မိမိ ကစားနိုင်ခဲ့တာကို တွေ့ရပါတယ်။ “သူတို့နဲ့အတူ တွဲကစားရတာကို ကျွန်တော် ပျော်ပါတယ်။ ကွင်းပြင်ပမှာလည်း သူတို့က လူကောင်းတွေပါ။ ဘောလုံးနဲ့ပတ်သက်လို့ ကျွန်တော်တို့ ပြင်ဆင်ရမယ့် အသေးအဖွဲလေးတွေတော့ ရှိပါသေးတယ်။ ကျွန်တော့်ဘက်ကလည်း ပိုကောင်းအောင် လုပ်နိုင်တာတွေ ရှိပါတယ်။ ရာသီတစ်လျှောက်လုံး သူတို့နဲ့အတူ ကစားရမှာကို ပျော်ရွှင်စွာ စောင့်မျှော်နေပါတယ်။” လို့ အသင်းဖော်တွေကို ချီးကျူးခဲ့ပါတယ်။
အီကီတီကေးဟာ လီဗာပူးလ်ရဲ့ ဒီနွေရာသီ နောက်ဆုံးခေါ်ယူမှုဖြစ်ပေမယ့် လာမယ့်လအစမှာ အပြောင်းအရွှေ့ဈေးကွက်မပိတ်ခင် နောက်ထပ် ကစားသမားသစ်တွေ ရောက်လာနိုင်သေးတယ်လို့ ခန့်မှန်းရပါတယ်။တိုက်စစ်မှူး ဒါဝင် နူနက်ဇ်ဟာ အသင်းကနေ ထွက်ခွာဖွယ်ရှိနေပြီး အေစီမီလန်နဲ့ ဆော်ဒီကလပ် အယ်လ် ဟီလာလ်တို့က စိတ်ဝင်စားနေပါတယ်။ တစ်ဖက်မှာလည်း လီဗာပူးလ်ဟာ နယူးကာဆယ်ကြယ်ပွင့် အလက်ဇန်းဒါး အီဆက်ခ်ကို ခေါ်ယူဖို့ ရဲတင်းတဲ့ ကြိုးပမ်းမှုတစ်ခု ပြုလုပ်နေပြီး ပြီးခဲ့တဲ့ သောကြာနေ့က ပေါင်သန်း(၁၁၀)နဲ့ ကနဦးကမ်းလှမ်းခဲ့ရာမှာ ပယ်ချခံခဲ့ရပါတယ်။