ကာရာဘောင်းဖလားပြိုင်ပွဲ (ခေါ်) EFLဖလားပြိုင်ပွဲကို ကြီးမှူး ကျင်းပပေးတဲ့ EFL အဖွဲ့အစည်းက ပြီးခဲ့တဲ့ ကြားရက်မှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံထားရတဲ့ ကစားသမားနဲ့ အသင်းဝန်ထမ်းတွေ များပြားနေတာကြောင့် အာဆင်နယ်အသင်းနဲ့ ကစားရမယ့် ဆီမီးဖိုင်နယ် ပထမအကျော့ပွဲစဉ်ကို ရွှေ့ဆိုင်းခိုင်းခဲ့ပေမယ့် တကယ်တမ်းမှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံထားရတဲ့ ကစားသမား တဦးထဲသာ ရှိနေတဲ့ လီဗာပူးအသင်းကို အရေးယူဖို့ စုံစမ်းစစ်ဆေးမှုတွေ စတင် ပြုလုပ်ဖွယ် ရှိကြောင်း ဗြိတိန်အခြေစိုက် နာမည်ကြီး သတင်းဌာနတွေက အခိုင်အမာ ဖော်ပြသွားကြပါတယ်။

ပရီးမီးယားလိဂ် အင်အားကြီးအသင်း တသင်း ဖြစ်တဲ့ လီဗာပူးအသင်းဟာ ပြီးခဲ့တဲ့ ကြားရက်မှာ အာဆင်နယ်အသင်းနဲ့ ကာရာဘောင်းဖလား ဆီမီးဖိုင်နယ် ပထမအကျော့ကို ယှဉ်ပြိုင်ရဖို့ ရှိနေပေမယ့် အသင်းတွင်းမှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံထားရတဲ့ လူတွေ အများအပြား ရှိနေကြောင်း သတင်းပို့ခဲ့တာကြောင့် EFLက အာဆင်နယ်အသင်းနဲ့ လီဗာပူးအသင်းတို့ ယှဉ်ပြိုင် ကစားရမယ့် ဆီမီးဖိုင်နယ် ပထမအကျော့ ပွဲစဉ်ကို ရွှေ့ဆိုင်းပေးဖို့ သဘောတူခဲ့ပါတယ်။

Photo Credit: The Athletic

ဒါပေမယ့် ပွဲကို ရွှေ့ဆိုင်းပြီးနောက် ဆေးစစ်မှုတွေ ထပ်မံ ပြုလုပ်ခဲ့ရာ လီဗာပူးအသင်းရဲ့ ကစားသမားတွေနဲ့ အသင်းရဲ့ ဝန်ထမ်းတွေ အားလုံးထဲမှာမှ ညာနောက်ခံလူ အာနိုးလ် တဦးထဲသာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံခဲ့ရကြောင်း စစ်ဆေးတွေ့ရှိခဲ့ပါတယ်။

ဒါကြောင့်ပဲ EFLက လီဗာပူးအသင်း အနေနဲ့ ပွဲကျပ်တခုကို ရှောင်ရှားနိုင်ဖို့ အတွက် ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှု များပြားနေပြီလို့ သတင်းပို့ခဲ့တာလား လို့ သံသယ ဝင်နေပြီး လီဗာပူးအသင်းရဲ့ လုပ်ရပ်အပေါ် အနီးကပ် စုံစမ်း စစ်ဆေးမှုတွေ ပြုလုပ်တော့မယ်လို့ နာမည်ကြီး သတင်းဌာန တခု ဖြစ်တဲ့ The Athletic သတင်းဌာနက ဖော်ပြလာပါတယ်။

Photo Credit: The Athletic

အကယ်၍ လီဗာပူးအသင်းကသာ ပွဲရွှေ့ဆိုင်းချင်လို့ ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှု များပြားနေပြီ ဆိုပြီး လိမ်ညာခဲ့တာသာ ပေါ်လွင်ခဲ့ရင် EFLဟာ လီဗာပူးအသင်းကို ကြီးလေးတဲ့ ပြစ်ဒဏ်တွေ ချမှတ်ဖို့ ရှိနေကာ အမြင့်မားဆုံး ပြစ်ဒဏ်အနေနဲ့ ပြိုင်ပွဲကနေ ထုတ်ပယ်တာ ဒါမှမဟုတ် အာဆင်နယ်အသင်းနဲ့ ကစားရမယ့် ပထမအကျော့ပွဲစဉ်ကို ၃-၀ ရလဒ်နဲ့ အရှုံးပေးတာမျိုး လုပ်နိုင်ကြောင်းလည်း ဘောလုံးရေးရာ ကျွမ်းကျင်သူတွေက သုံးသပ်ထားကြပါတယ်။