ပရီးမီးယားလိဂ် နာမည်ကြီးကလပ် မန်ချက်စတာ ယူနိုက်တက်ရဲ့ ဂန္တဝင် ဂိုးသမား တဦး ဖြစ်သလို လက်ရှိအချိန်မှာ နယ်သာလန် ထိပ်သီးကလပ် အေဂျက်ရဲ့ စီအီးအို အဖြစ် လုပ်ကိုင်နေတဲ့ အက်ဒဝင် ဗန်ဒါဆားဟာ မန်ချက်စတာ ယူနိုက်တက်က အေဂျက်ရဲ့ ကြယ်ပွင့် ကစားသမား အန်တိုနီကို ခေါ်ယူနိုင်အောင် ကြားထဲကနေ လျို့ဝှက် ကူညီပေးခဲ့ကြောင်း နာမည်ကြီး သတင်းထောက် ဖာဘရီဇီယို ရိုမာနိုက ဖော်ပြသွားခဲ့ပါတယ်။

မန်ချက်စတာ ယူနိုက်တက်က သူတို့အသင်းရဲ့ အားနည်းနေတဲ့ တိုက်စစ်ပိုင်း အတွက် နည်းပြဖြစ်သူ အဲရစ် တန်ဟက်ဂ်ရဲ့ အကြံပေးမှုအတိုင်း အေဂျက်ရဲ့ ကြယ်ပွင့် ကစားသမား အန်တိုနီကို ခေါ်ယူဖို့ နွေဈေးကွက် တလျှောက်လုံး ကြိုးပမ်းခဲ့တာ ဖြစ်ပြီး ယမန်နေ့မှာပဲ အန်တိုနီကို ယူရို ၁၀၀သန်းနဲ့ ခေါ်ယူဖို့ အေဂျက်နဲ့ တရားဝင် သဘောတူညီမှု ရရှိခဲ့ပါတယ်။

Photo Credit: Express

ကနဦးမှာ အေဂျက်က ယခု နွေဈေးကွက် အတွင်းမှာ ဂရာဗန်ဘက် ၊ မာတီနက်ဇ် ၊ ဟယ်လာ ၊ အိုနာနာ ၊ မာဇရုန်နီ စတဲ့ အဓိက ကစားသမားတွေကို လက်လွှတ်ထားရတာကြောင့် အန်တိုနီကို မရောင်းချဘူးလို့ တင်းခံခဲ့ပေမယ့် အန်တိုနီရဲ့ အသင်းပြောင်းခွင့် ပေးဖို့ တရားဝင် တောင်းဆိုမှု ၊ မန်ချက်စတာ ယူနိုက်တက်ရဲ့ တန်ကြေးမြင့် ကမ်းလှမ်းမှုနဲ့ ဗန်ဒါဆားရဲ့ ကြားဝင် စေ့စပ်ပေးမှုတို့ကြောင့် နောက်ဆုံးမှာတော့ အေဂျက်ရဲ့ တာဝန်ရှိသူတွေဟာ အန်တိုနီကို လက်လွှတ်ဖို့ ဆုံးဖြတ်ခဲ့တာပါ။

နာမည်ကြီး သတင်းထောက် ဖြစ်သူ ဖာဘရီဇီယို ရိုမာနိုရဲ့ ပြောပြချက်အရ မန်ချက်စတာ ယူနိုက်တက်က အန်တိုနီကို ခေါ်ယူနိုင်ခဲ့မှုရဲ့ နောက်ကွယ်မှာ အက်ဒဝင် ဗန်ဒါဆားရဲ့ ကြိုးပမ်းမှုတွေဟာ အဓိက ကျခဲ့ပြီး ဗန်ဒါဆားက အန်တိုနီရဲ့ အပြောင်းအရွှေ့ အတွက် မန်ချက်စတာ ယူနိုက်တက်နဲ့ တွေ့ဆုံ ဆွေးနွေးဖို့ အေဂျက်ရဲ့ တာဝန်ရှိသူတွေကို အဓိက တိုက်တွန်းခဲ့သူ ဖြစ်ကြောင်း သိရပါတယ်။

Photo Credit: Express

ဗန်ဒါဆားရဲ့ ကျေးဇူးကြောင့်ပဲ မန်ချက်စတာ ယူနိုက်တက်က အန်တိုနီရဲ့ အပြောင်းအရွှေ့ အတွက် အေဂျက်နဲ့ ဆွေးနွေးခွင့် ရခဲ့တာ ဖြစ်ပြီး တဖက်မှာလည်း အေဂျက်က အန်တိုနီကို စံချိန်တင် ပြောင်းရွှေ့ကြေး တရပ် ဖြစ်တဲ့ ယူရို ၁၀၀သန်းနဲ့ ရောင်းချနိုင်ခဲ့တာကြောင့် အန်တိုနီရဲ့ အပြောင်းအရွှေ့ဟာ အေဂျက် ၊ မန်ချက်စတာ ယူနိုက်တက်နဲ့ အန်တိုနီတို့ သုံးဘက်စလုံး အတွက် ကောင်းမွန်တဲ့ အပြောင်းအရွှေ့ တခု ဖြစ်ခဲ့ပါတယ်။