ပီအက်စ်ဂျီအသင်းရဲ့ ပြင်သစ်တိုက်စစ်ကစားသမား ကီလီအန်ဘာပေကို နွေစျေးကွက်အတွင်းမှာ ခေါ်ယူသွားဖို့ အကြိမ်ကြိမ် ကြိုးစားခဲ့ပေမယ့်လည်း မအောင်မြင်နိုင်ခဲ့ရတဲ့ ရီးယဲလ်မက်ဒရစ်အသင်းဟာ အခုဆိုရင်တော့ နောက်ထပ် ပြင်သစ်ကစားသမားလေးဖြစ်တဲ့ ရန်းစ်ကွင်းလယ်ကစားသမား အက်ဒွါဒိုကာမာဗင်ဂါကို ပြောင်းရွှေ့ကြေး ယူရို(၃၁)သန်း+အပိုဆုကြေးနဲ့ ခေါ်ယူသွားဖို့ သဘောတူညီမှု ရယူနိုင်ခဲ့တယ်လို့ ဖာဘရီဇီယိုရိုမာနိုကနေ ဖော်ပြလာခဲ့ပါတယ်။

Photo Credit : Football Transfer

အသက်(၁၈)နှစ်အရွှယ်သာ ရှိနေသေးတဲ့ လူငယ်ကစားသမားလေး ကာမာဗင်ဂါဟာ ရန်းစ်စီနီယာအသင်းမှာ ပါဝင်ကစားခွင့် ရချိန်ကတည်းက သူရဲ့အကောင်းဆုံးစွမ်းရည်တွေကို ပြသထားနိုင်ခဲ့တာကြောင့် ဥရောပ ကလပ်အသင်းကြီးများစွာရဲ့ စိတ်ဝင်စားမှုကို ရရှိခဲ့ပြီး ကစားသမားကိုယ်တိုင်ကလည်း အသင်းပြောင်းဖို့ ဆန္ဒရှိလာခဲ့ပါတယ်။ လက်ရှိမှာ ရန်းစ်အသင်းနဲ့ စာချုပ်သက်တမ်း တစ်နှစ်သာ ကျန်ရှိနေတော့တဲ့ ကာမာဗင်ဂါကို ကလပ်အသင်းများစွာကနေ ခေါ်ယူချင်နေပြီး နောက်ဆုံးမှာတော့ ရီးယဲလ်မက်ဒရစ်အသင်းက တခြားအသင်းတွေထက် လက်ဦးမှု ရယူခဲ့ကာ ယူရို(၃၁)သန်းနဲ့ အသင်းဆီ ခေါ်ယူသွားဖို့ သဘောတူညီနိုင်ခဲ့သလို ဒီကနေ့မှာပဲ ကာမာဗင်ဂါရဲ့ အပြောင်းအရွှေ့ကို ရီးယဲလ်ဘက်ကနေ တရားဝင် ထုတ်ပြန်ဖွယ် ရှိနေပါတယ်။

Photo Credit : Twitter

ဆယ်ကျော်သက်အရွှယ် ကစားသမားလေး ကာမာဗင်ဂါကို ရီးယဲလ်နဲ့အပြိုင် ပီအက်စ်ဂျီနဲ့ မန်ချက်စတာယူနိုက်တက်အသင်းတွေကလည်း ကမ်းလှမ်းမှုတွေ လုပ်ဆောင်ခဲ့ပေမယ့် ကစားသမားကိုယ်တိုင်ကတော့ ရီးယဲလ်ကိုသာ ရွေးချယ်သွားခဲ့တာ ဖြစ်ပါတယ်။ လက်ရှိမှာတော့ ကာမာဗင်ဂါဟာ ရီးယဲလ်ကို ပြောင်းရွှေ့ဖို့အတွက် ဆေးစစ်မှုတွေလည်း လုပ်ဆောင်ထားခဲ့ပြီးပြီ ဖြစ်သလို လက်မှတ်ရေးထိုးမှုတွေလည်း လုပ်ဆောင်ခဲ့ပြီးပြီလို့ ဖာဘရီဇီယိုကနေ ဖော်ပြထားခဲ့ပါတယ်။ တကယ်တော့ ရီးယဲလ်ဟာ ကာမာဗင်ဂါထက် ဘာပေကိုသာ ဦးစားပေး ခေါ်ယူချင်ခဲ့တာဖြစ်ပြီး ဘာပေကို ရရှိဖို့အတွက် ပြောင်းရွှေ့ကြေး ယူရိုသန်း(၂၀၀)အထိပါ တိုးမြှင့်ကမ်းလှမ်းခဲ့ပေမယ့် ပီအက်စ်ဂျီဘက်ကနေ ဒီကမ်းလှမ်းမှုအပေါ် အကြောင်းမပြန်ခဲ့တာကြောင့် ရီးယဲလ်ဘက်က ဘာပေကို ခေါ်ယူရေးကို လက်လျှော့လိုက်ရတာဖြစ်တယ်လို့ သိရပါတယ်။ ဒီကနေ့မှာ ထွက်ပေါ်နေတဲ့ နောက်ဆက်တွဲ သတင်းတွေအရ ရီးယဲလ်ဟာ လာမယ့်နွေမှာ ဘာပေကို အလွတ်ပြောင်းရွှေ့ကြေးနဲ့ ခေါ်ယူဖို့အတွက် ဆောင်းစျေးကွက်မှာပဲ အကြိုသဘောတူညီမှု ရရှိအောင် ကြိုးပမ်းဖွယ် ရှိနေတယ်လို့ သိရှိရပါတယ်။