MySport Myanmar

ဆန်းတို့စ် ကြယ်ပွင့်လေး လီယိုနာဒိုကို အာဆင်နယ်ဆီ ခေါ်ဆောင်ပေးမယ့် အီဒူး

အာဆင်နယ်အသင်းရဲ့ ကစားသမားဟောင်းလည်းဖြစ် အားကစားဒါရိုက်တာအဖြစ်နဲ့လည်း ဆောင်ရွက်နေတဲ့ အီဒူးက ဘရာဇီးလ်ကလပ် ဆန်းတို့စ်အသင်းက ဘရာဇီးလ် လူငယ် တိုက်စစ်ကစားသမားလေး မားကို့စ် လီယိုနာဒိုကို အာဆင်နယ်အသင်းဆီ ခေါ်ဆောင်ပေးနိုင်ဖို့ ကြိုးပမ်းလျက် ရှိနေပါတယ်။

အသက် (၂၀)အရွယ်သာ ရှိနေသေးတဲ့ ဘရာဇီးလ် တိုက်စစ်မှူး လီယိုနာဒိုဟာ ဘရာဇီးလ်ကလပ် ဆန်းတို့စ် အကယ်ဒမီထွက် ကစားသမားလေးဖြစ်ပြီး ၂၀၂၀မှာပဲ ဆန်းတို့စ် စီနီယာအသင်းအတွက် စတင် ပွဲဦးထွက် ကစားပေးခွင့် ရရှိလာခဲ့ပါတယ်။

Photo Credit : Gooner Talk

ပြီးခဲ့တဲ့ ဘောလုံးရာသီတုန်းက ဆန်းတို့စ်အသင်းအတွက် ပြိုင်ပွဲစုံ သွင်းဂိုး (၂၁)ဂိုးအထိ သွင်းယူပြီး ဂိုးဖန်တီးမှု (၄)ကြိမ် ပြုလုပ်ထားနိုင်ခဲ့တဲ့ လီယိုနာဒိုကို ဥရောပ ဘောလုံးကလပ်အသင်း များစွာက အပြိုင် စိတ်ဝင်စားလာခဲ့ပါတယ်။

ဒီအသင်းတွေထဲမှာ အာဆင်နယ်အသင်းလည်း ပါဝင်လျက် ရှိနေပြီး ဂါဘရီရယ် ဂျေဇူး နဲ့ အက်ဒီ အန်ခယ်တီယာတို့သာ ရှိနေတဲ့ အသင်းရဲ့ အထောင် တိုက်စစ်နေရာအတွက် လီယိုနာဒိုလို အရည်အသွေးမြင့် လူငယ် တိုက်စစ်မှူး တစ်ဦးကို အသေအချာ ပစ်မှတ်ထားလာခဲ့ပါတယ်။

Photo Credit : TEAMtalk

အာဆင်နယ်က တိုက်စစ်ပိုင်းအတွက် တိုနေး ၊ အိုဆင်မန် ၊ ဆက်စ်ကို ၊ အိုပန်ဒါ နဲ့ ယိုကရက်စ်တို့လို တကယ့် တိုက်စစ်မှူးကောင်းတွေကို ချိန်ရွယ်လျက် ရှိနေသလို အသင်းအနာဂတ်အတွက်လည်း လီယိုနာဒိုကို ယူရို သန်း(၂၀)နဲ့ ကမ်းလှမ်းသွားဖို့လည်း ပြင်ဆင်နေပါတယ်။

ဒီအတွက်လည်း အာဆင်နယ်ရဲ့ ကစားသမားသစ် ခေါ်ယူမှုမှာ အခရာ အကျဆုံးသူ အီဒူးက အစွမ်းကုန် ကြိုးစားပေးလျက် ရှိနေပြီး လီယိုနာဒိုရဲ့ ကလပ် ဆန်းတို့စ်ကလည်း တန်းဆင်းထားတာဖြစ်လို့ သူတို့ လက်ခံနိုင်လောက်မယ့် ပမာဏမျိုးနဲ့ သာ ကမ်းလှမ်းလာမယ်ဆိုရင် လက်ခံသွားဖို့ ရှိနေပါတယ်။

Exit mobile version