MySport Myanmar

စိန်ခေါ်မှု အသစ်တွေ ရင်ဆိုင်ဖို့အတွက် အာဆင်နယ်ကနေ ထွက်ခွာခဲ့တာလို့ အီဒူး ဆို

အာဆင်နယ်အသင်းရဲ့ ကစားသမားဟောင်းကြီးလည်းဖြစ် အားကစား ဒါရိုက်တာတစ်ဦးလည်းဖြစ်တဲ့ အီဒူး ဂက်စပါဟာ လက်ရှိမှာတော့ အာဆင်နယ်အသင်းကနေ နှုတ်ထွက်သွားခဲ့ပြီဖြစ်ပြီး ဒါက စိန်ခေါ်မှု အသစ်တွေကို ရင်ဆိုင် ကြုံတွေ့သွားဖို့အတွက် ဆုံးဖြတ်ခဲ့တာ ဖြစ်တယ်လို့ အီဒူးက ဖွင့်ဟသွားခဲ့ပါတယ်။

အသက် (၄၆)နှစ်အရွယ် ဘရာဇီးလ် ကွင်းလယ်ကစားသမားဟောင်းကြီး အီဒူးဟာ ၂၀၀၁ကနေ ၂၀၀၅ခုနှစ်အထိ အာဆင်နယ်အသင်းမှာ ပါဝင်ကစားခဲ့ရင်း ၂၀၀၃-၀၄ ဘောလုံးရာသီတုန်းက ရှုံးပွဲမရှိ ချန်ပီယံ ဖြစ်ခဲ့ပါသေးတယ်။ အသင်းနဲ့ ဒီလို အောင်မြင်မှုတွေ ရယူနိုင်ခဲ့တဲ့ အီဒူးဟာ ၂၀၁၉မှာတော့ အားကစား ဒါရိုက်တာ ရာထူးနဲ့ အာဆင်နယ်အသင်းဆီ ပြန်လည် ရောက်ရှိလာခဲ့ပါတယ်။

Photo Credit : ESPN

အီဒူးဟာ အာဆင်နယ်အသင်းရဲ့ အားကစား ဒါရိုက်တာအဖြစ် အကောင်းဆုံး တာဝန်ယူ ဆောင်ရွှက်ခဲ့ပြီး (၅)နှစ်ခန့် အကြာမှာပဲ အသင်းကနေ ထွက်ခွာသွားဖို့ အကြောင်းဖန်လာခဲ့သလို နော်တင်ဟမ် ဖောရက်စ်အသင်း အပါအဝင် ဘောလုံးအသင်းတချို့ ပိုင်ဆိုင်ထားတဲ့ ဂရိ သူဌေးကြီး မယ်ရီနာကစ်နဲ့ လက်တွဲ လုပ်ကိုင်ဖို့သွားဖို့ နီးစပ်နေပြီ ဖြစ်ပါတယ်။

အာဆင်နယ်အသင်းကနေ အခုလို ရုတ်တရက် ထွက်ခွာသွားခဲ့တဲ့ အကြောင်းအရင်းနဲ့ ပတ်သက်ပြီး အီဒူးက “ဒါဟာ မယုံနိုင်လောက်အောင် ခက်ခဲတဲ့ ဆုံးဖြတ်ချက်တစ်ခုပါ။ အာဆင်နယ်မှာ ကျွန်တော်က အံ့မခန်းဖွယ်ရာ လူများစွာနဲ့ အလုပ်တွဲလုပ်ခွင့် ရခဲ့ပြီးတော့ ကလပ်အသင်းမှာ ထူးခြားတဲ့ အစိတ်အပိုင်းတစ်ခု ဖြစ်လာဖို့ အခွင့်အရေးတွေလည်း ပေးခဲ့ပါတယ်။”

Photo Credit : Sky Sports

“ဒါက ထူးရှယ် ခရီးစဉ်တစ်ခု ဖြစ်ခဲ့ရသလို ကျွန်တော့်ကို အားပေး ထောက်ပံ့မှုတွေ လုပ်ဆောင်ပေးခဲ့တဲ့ အသင်းက တာဝန်ရှိသူတွေကိုလည်း ကျေးဇူးတင်မိပါတယ်။ အမျိုးသားအသင်း အမျိုးသမီးအသင်းနဲ့ အကယ်ဒမီအသင်းတွေက လုပ်ဖော်ကိုင်များစွာနဲ့ လက်တွဲရတာရော အထူးသဖြင့် မီခဲလ်(အာတီတာ)နဲ့ လက်တွဲရတာကိုပါ နှစ်သက်မိပါတယ်။”

“အခုကတော့ မတူကွဲပြားတဲ့ စိန်ခေါ်မှုတွေနောက်ကို လိုက်လျှောက်ဖို့ အချိန်တန်ပါပြီ။ အာဆင်နယ်အသင်းဟာ ကျွန်တော့် နှလုံးသားထဲမှာ အမြဲရှိနေမှာပါ။ ကလပ်အသင်းနဲ့ အသင်းပရိသတ်တွေအတွက် ကောင်းမွန်တဲ့ အရာတွေနဲ့ အကောင်းဆုံးတွေ ဖြစ်လာပါစေလို့ ကျွန်တော် ဆုတောင်းပေးလိုက်ပါတယ်။” လို့ ရှင်းလင်း ပြောဆိုသွားခဲ့ပါတယ်။

Exit mobile version