ငယ်စဉ်ကတည်းက ကစားလာခဲ့တဲ့ ဘာစီလိုနာအသင်းကနေ ထွက်ခွာခွင့် တောင်းခံခဲ့တဲ့ ဘာစီလိုနာနဲ့ အာဂျင်တီးနားအသင်းတို့ရဲ့ အဓိက တိုက်စစ်မှူး လီယွန်နယ် မက်ဆီကတော့ လက်ရှိ မှာ စပိန် ဘောလုံးရေးရာ ဝေဖန်သုံးသပ်သူတွေရဲ့ ပြင်းထန်တဲ့ ဝေဖန်မှုတွေကို ခံနေရပါတယ်။ အသက် ၃၃ နှစ်အရွယ် ရှိနေပြီ ဖြစ်တဲ့ မက်ဆီဟာ ဘာစီလိုနာအသင်းမှာ ကာလရှည် နေထိုင်ခဲ့သူ တစ်ဦး ဖြစ်ပြီး ဘာစီလိုနာအသင်းရဲ့ သမိုင်းမှာ အကောင်းဆုံး ကစားသမား တစ်ဦးအဖြစ် ပရိသတ်တွေရဲ့ သဘောတူ လက်ခံခြင်းကို ခံထားရသူ ဖြစ်ကာ ကမ္ဘာ့ဘောလုံးသမိုင်းရဲ့ အကောင်းဆုံး ကစားသမားတွေထဲက တစ်ဦး အဖြစ်လည်း သတ်မှတ်ခံထားရသူပါ။

Photo Credit: Marca

မက်ဆီဟာ ဘာစီလိုနာအသင်းနဲ့အတူ ကမ္ဘာ့ အကောင်းဆုံး ကစားသမားဆုကို ၆ကြိမ် ရရှိခဲ့ဖူးသလို ဆုဖလား အောင်မြင်မှုပေါင်း များစွာ ကို ရယူနိုင်ခဲ့ပေမယ့် နောက်ဆုံး ၅နှစ် အတွင်းမှာ ချန်ပီယံလိဂ်ဖလားကို ရယူနိုင်ခဲ့ခြင်း မရှိတာကြောင့် မက်ဆီအနေနဲ့ ဘာစီလိုနာအသင်းကနေ ထွက်ခွာကာ ချန်ပီယံလိဂ်ဖလားကို အရယူနိုင်မယ့် အသင်းတစ်သင်းဆီ ပြောင်းရွှေ့ချင်နေတာပါ။ လက်ရှိမှာတော့ ဘာစီလိုနာအသင်းဟာ မက်ဆီကို လက်မလွှတ်ရစေရန် အတွက် အစွမ်းကုန် ကြိုးစားနေပြီး မက်ဆီရဲ့ ဖခင်ဖြစ်သူကတော့ သူ့ရဲ့သားဟာ ဘာစီလိုနာအသင်းမှာ ဆက်နေမယ့် မသေချာတော့ဘူး လို့ ထုတ်ဖော် ပြောကြားခဲ့ပါတယ်။ စပိန်နာမည်ကြီး သတင်းထောက် တစ်ဦး ဖြစ်တဲ့ အီဒူး အဂွာရီ ကတော့ ဘာစီလိုနာအသင်း ကနေ ထွက်ခွာဖို့ ကြိုးစားနေတဲ့ မက်ဆီဟာ ဘောလုံး သမိုင်းတစ်လျှောက် အကြီးမားဆုံး သစ္စာဖောက်မှုကို ကျူးလွန်နေတာ ဖြစ်ကြောင်း ပြင်းပြင်းထန်ထန် ဝေဖန်သွားခဲ့ပါတယ်။

Photo Credit: Marca

ဘာစီလိုနာအသင်းကနေ ထွက်ခွာဖို့ ကြိုးစားနေတဲ့ မက်ဆီအပေါ် အီဒူး အဂွာရီက ” ကျွန်တော့် အတွက်တော့ မက်ဆီဟာ ဘောလုံးသမိုင်း တစ်လျှောက် အကြီးမားဆုံး သစ္စာဖောက်မှုကို ကျူးလွန်နေတာပါပဲ။ ဘာစီလိုနာအသင်းရဲ့ ပရိသတ်တွေဟာ ဒီလိုမျိုး လုပ်ရပ်နဲ့ မထိုက်တန်တဲ့သူတွေပါ။ မက်ဆီက ပရိသတ်တွေကို ချောင်ထိုးနေသလိုပါပဲ။ အခုချိန်က မက်ဆီဟာ သတင်းစာ ရှင်းလင်းပွဲ တစ်ခုလုပ်ပြီးတော့ ကျွန်တော်က ဘာစီလိုနာအသင်းမှာ ဆက်နေသွားမှာပါ ၊ ဘာ့ကြောင့်လဲဆိုတော့ ဒီအသင်းမှာ ကျွန်တော့်ရဲ့ အမှတ်တရတွေ အများကြီး ရှိနေသလို ဒီအသင်းဟာ ကျွန်တော့်အတွက် ဘယ်လို အရေးပါလဲဆိုတာ ကျွန်တော် သိနေလို့ပါ ဆိုပြီး ပြောသင့်တဲ့ အချိန်ပါ။ မက်ဆီက ဘုတ်အဖွဲ့ဆီ တိုက်ရိုက်သွားပြီး ဘုတ်အဖွဲ့ကို ဒုက္ခပေးနေပါတယ်။ အခုချိန်က သူ ထွက်ခွာသင့်တဲ့ အချိန် မဟုတ်ပါဘူး ” လို့ စပိန် နာမည်ကြီး အစီအစဉ် တစ်ခုဖြစ်တဲ့ El Chiringuito de Jugones အစီအစဉ်မှာ ပြောကြားသွားခဲ့ပါတယ်။