မနေ့ညက စတမ်းဖိုဒ့်ဘရစ်ချ်ကွင်းမှာ ပရီးမီးယားလိဂ် ပွဲစဉ်(၂၁)အဖြစ် ယှဉ်ပြိုင်ကစားခဲ့ကြတဲ့ ချယ်လ်ဆီးအသင်းနဲ့ လီဗာပူးလ်အသင်းတို့ရဲ့ ပွဲစဉ်မှာ တစ်ဖက်ကို (၂)ဂိုးစီနဲ့ အမှတ်ခွဲယူခဲ့ပြီး အမှတ်ပေး ချန်ပီယံဆုအတွက် ရမှတ်ဆုံးရှုံးမှုကိုယ်စီ ဖြစ်ခဲ့ကြရပါတယ်။ ဒီပွဲစဉ်မှာ ဧည့်သည်လီဗာပူးလ်အတွက် အဖွင့်ဂိုးကို သွင်းယူပေးခဲ့တဲ့ ဆာဒီယိုမာနေးအနေနဲ့ ပွဲစစပိုင်းမှာပဲ သူရဲ့ဥပဒေပြင်ပ ကစားဟန်ကြောင့် တိုက်ရိုက်အနီကတ်ပါ ပြသခံခဲ့ရသင့်တယ်လို့ ချယ်လ်ဆီးဂိုးသမား အက်ဒွါမန်ဒီက သုံးသပ်ပြောဆိုသွားခဲ့ပါတယ်။
Photo Credit : Daily Mail
ဆီနီဂေါလက်ရွေးစင် တောင်ပံတိုက်စစ်ကစားသမား မာနေးဟာ ပွဲချိန်(၉)မိနစ်မှာ လီဗာပူးလ်အသင်းအအတွက် ဦးဆောင်ဂိုးကို မသွင်းယူနိုင်သေးခင် ပွဲချိန်(၁)မိနစ်ခန့်မှာပဲ ပြိုင်ဘက်ချယ်လ်ဆီးအသင်းရဲ့ အသင်းခေါင်းဆောင် အက်စပီလီကွယ်တာကို တံတောင်နဲ့ ရိုက်မိခဲ့တာကြောင့် ကွင်းလယ်ဒိုင်ကနေ အဝါကတ်ပြပြီး သတိပေးခဲ့ပါတယ်။ ဒါပေမယ့် မာနေးနဲ့ တနိုင်ငံတည်းသားတွေဖြစ်တဲ့ ချယ်လ်ဆီးဂိုးသမား မန်ဒီကတော့ သူရဲ့လက်ရွေးစင် အသင်းဖော် မာနေးအနေနဲ့ အဝါကတ်ထက် အနီကတ်ပြစ်ဒဏ်နဲ့သာ ထိုက်တန်ခဲ့တယ်လို့ မှတ်ချက်ပြု ပြောဆိုသွားခဲ့ပါတယ်။
Photo Credit : Daily Mail
မာနေးရဲ့ ကြမ်းတမ်းတဲ့ ကစားဟန်နဲ့ပတ်သက်ပြီး မန်ဒီက “ဆာဒီယိုနဲ့ ကျွန်တော်တို့က ညီအစ်ကိုတွေလိုပါပဲ။ ကျွန်တော်နဲ့ တစ်နို်င်ငံတည်းသားတွေပါ။ ဒါပေမယ့် ကျွန်တော်တို့ ရင်ဆိုင်ခဲ့တဲ့ ပွဲစဉ်အတွင်းမှာတော့ ပွဲအစ(၁)မိနစ် နောက်ပိုင်းကတည်းက သူ ကွင်းအတွင်းမှာ ဆက်ကို ရှိမနေသင့်တော့တာပါ” လို့ RMC Sport ကို ပြောဆိုသွားခဲ့ပါတယ်။ ဒါပေမယ့် ဆီနီဂေါလက်ရွေးစင် အသင်းဖော်တွေဖြစ်ကြတဲ့ မာနေးနဲ့ မန်ဒီတို့ကြားမှာ ဆက်ဆံရေးကောင်းတွေသာ ရှိလို့နေခဲ့တဲ့အပြင် ဒီနှစ်ဦးလုံးဟာလည်း ကင်မရွန်းနိုင်ငံမှာ ကျင်းပသွားမယ့် အာဖရိကနိုင်ငံများဖလား ပြိုင်ပွဲအတွက် ခရီးနှင်သွားကြပြီ ဖြစ်ပါတယ်။ မာနေး မန်ဒီတို့ရဲ့ ဆီနီဂေါအသင်းဟာ ဇင်ဘာဘွေ ဂီနီအာ မာလာဝီအသင်းတွေနဲ့ အုပ်စု B မှာ အတူကျရောက်နေတာဖြစ်ပြီး လာမယ့် ဇန်နဝါရီ (၁၀)ရက်နေ့နှာပဲ ဇင်ဘာဘွေအသင်းနဲ့ အုပ်စုအဖွင့်ပွဲစဉ်အဖြစ် ယှဉ်ပြိုင်သွားရမှာ ဖြစ်ပါတယ်။