အသင်းရဲ့အဓိကဂိုးသမား တီဘော့ကော်တွိုက်စ်ကို ရီးရဲလ်မက်ဒရစ်အသင်းဆီ ရောင်းချလိုက်ရပြီးနောက်မှာ သူရဲ့နေရာအတွက် ဘီလ်ဘာအိုအသင်းရဲ့ စပိန်ဂိုးသမား ကီပါအာရီဇာဘယ်လာဂါဆိုတဲ့ ဂိုးသမားကို ဂိုးသမားတွေထဲမှာ အမြင့်မားဆုံးပြောင်းရွှေ့ကြေးနဲ့ ခေါ်ယူအားဖြည့်ခဲ့ပါတယ်။ ကီပါက သူရဲ့ပွဲဦးထွက်ရာသီမှာ လက်စွမ်းကောင်းတွေ ပြသနိုင်ခဲ့ပေမယ့်လည်း နောက်ပိုင်းနှစ်တွေမှာ အားနည်းချက်တွေ အမှားကျူးလွန်မှုတွေ ဖြစ်ပေါ်လာခဲ့လို့ အသင်းရဲ့ပင်တိုင်ဂိုးသမားနေရာအတွက် နောက်ထပ်ဂိုးသမားတစ်ယောက်ကို အစားထိုးဖို့ စဉ်းစားလာခဲ့ပြီး နောက်ဆုံးမှာတော့ ရန်းနက်စ်အသင်းရဲ့ဂိုးသမား အက်ဒွါမန်ဒီကို အရခေါ်ယူခဲ့ရပါတယ်။

Photo Credit : Lenexweb

အသက်(၂၈)နှစ်အရွှယ်ရှိ ဆီနီဂေါလက်ရွေးစင် ဂိုးသမားမန်ဒီဟာ ပြင်သစ်လီဂူးဘောလုံးပြိုင်ပွဲမှာ ကျင်လည်ခဲ့တဲ့ ကစားသမားတစ်ယောက်ဖြစ်ပြီး မာဆေးလ်အသင်း Reims အသင်းနဲ့ ရန်းနက်စ်အသင်းတွေမှာ ပါဝင်ကစားခဲ့သူဖြစ်ပါတယ်။ ပြင်သစ်နိုင်ငံမှာ မွေးဖွားခဲ့တဲ့ မန်ဒီက ၂၀၁၄ခုနှစ် နွေရာသီလောက်မှာပဲ အသင်းလက်မဲ့ ဖြစ်နေခဲ့ရပြီး သူရဲ့ကစားသမားဘဝက မရေမရာ ဖြစ်ခဲ့ရပေမယ့်လည်း ၂၀၁၅ခုနှစ်မှာတော့ မာဆေးလ်အသင်းနဲ့ စာချုပ်ချုပ်ဆိုနိုင်ခဲ့ရင်း အဲ့ဒီကမှတစ်ဆင့် Reims အသင်းဆီ ရောက်ရှိခဲ့ပါတယ်။ မန်ဒီဟာ Reims အသင်းရဲ့ ပင်တိုင်ဂိုးသမားဖြစ်လာခဲ့ပြီး အသင်းကိုလည်း လီဂူးတူးကနေ လီဂူးဝမ်းဆီ ပို့ဆောင်ပေးနိုင်တာကြောင့် ၂၀၁၉ခုနှစ်မှာပဲ ရန်းနက်စ်အသင်းကနေ သူ့ကို ထပ်မံခေါ်ယူဖြစ်ခဲ့ပါတယ်။

Photo Credit : Chelsea Central

ရန်းနက်စ်မှာလည်း မန်ဒီဟာ တစ်ရာသီပဲ ကစားခဲ့ရပြီး သူရဲ့လက်စွမ်းကောင်းတွေကြောင့် သူ့ကစားသမားဘဝရဲ့အမြင့်မားဆုံးအနေအထားတစ်ခုအဖြစ် ချယ်လ်ဆီးအသင်းဆီကို ရောက်ရှိလာခဲ့ရပါတယ်။ အာဖရိကန်ဂိုးသမားတွေကို နေရာပေးလေ့မရှိတဲ့ ပရီးမီးယားလိဂ်လို ပြိုင်ပွဲမျိုးမှာ ယုံကြည်ချက်ရှိရှိနဲ့ ဝင်ရောက်ဆင်နွဲဖို့က မန်ဒီအတွက် အနည်းနဲ့အများတော့ ခက်ခဲနိုင်တယ်လို့ ယူဆကောင်းယူဆနိုင်ပေမယ့် မန်ဒီကတော့ အသင်းရဲ့ဂိုးပေါက်အတွက် အကောင်းဆုံးတာဝန်ထမ်းဆောင်ပေးလျက်ရှိနေပြီး သူပါဝင်ကစားခဲ့တဲ့ ပြိုင်ပွဲစုံ(၅)ပွဲမှာလည်း စပါးအသင်းနဲ့ ကစားခဲ့ရတဲ့ ကာရာဘောင်းဖလားပွဲ (သူရဲ့ချယ်လ်ဆီးကစားသမားဘဝ ပွဲဦးထွက်ပွဲ)မှာပဲ လာမယ်လာရဲ့သွင်းဂိုးကိုသာ ခွင့်ပြုခဲ့ရကာ လက်ကျန်(၄)ပွဲလုံးမှာတော့ Clean Sheets တွေ ရယူထားနိုင်ခဲ့ပါတယ်။ ခရစ္စတယ်ပဲလေ့စ် ခရက်စ်နိုဒါအသင်းတွေနဲ့ပွဲမှာ Clean Sheets ယူခဲ့တာ သိပ်မထူးဆန်းဘူးလို့ ဆိုနိုင်ပေမယ့် မန်ချက်စတာယူနိုက်တက် ဆီဗီလာတို့ရဲ့ပွဲမှာ ပေးဂိုးမဲ့ခဲ့တာကတော့ မန်ဒီရဲ့လက်စွမ်းကို မဖြစ်မနေ အသိအမှတ်ပြုရမှာပါ။ ဒီပုံစံအတိုင်းဆိုရင်တော့ ချယ်လ်ဆီးနဲ့ကီပါကလည်း လာမယ့်စျေးကွက်တွေမှာ လမ်းခွဲရဖို့က သေချာသလောက်ကို ရှိလာနိုင်သလို ကီပါရဲ့ကျောနံပါတ်(၁)ကိုလည်း လာမယ့်ရာသီမှာပဲ မန်ဒီက ဆက်ခံသွားရနိုင်ပါတယ်။