ချယ်လ်ဆီးအသင်းရဲ့ ဂိုးသမားသစ်ဖြစ်တဲ့ အက်ဒွါမန်ဒီက သူ့ကို အသင်းရဲ့နည်းပြ ဖရန့်လမ်းပတ်ကနေ အသင်းရဲ့ ပင်တိုင်ဂိုးသမားအဖြစ် ရွေးချယ်သတ်မှတ်လိုက်ပေမယ့်လည်း သူနဲ့ အသင်းဖော်ဂိုးသမားဖြစ်တဲ့ ကီပါအာရီဇာဘလာဂါတို့ကြားမှာတော့ ဆက်ဆံရေးပိုင်း မပြေမလည်မှုတွေ လုံးဝမရှိနေပဲ ဆက်ဆံရေးကောင်းတွေသာ ရှိနေတယ်လို့ အသင်းနဲ့ ပထမဆုံးပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲအတွင်း ထုတ်ဖော်ပြောဆိုသွားခဲ့ပါတယ်။

Photo Credit : Metro

အသက်(၂၈)နှစ်အရွှယ်ရှိ ကင်မရွန်းလက်ရွေးစင်ဂိုးသမား အက်ဒွါမန်ဒီဟာ ဒီရာသီရဲ့ နွေစျေးကွက်အတွင်းကမှ ပြင်သစ်လီဂူးကလပ် ရင်းနက်စ်အသင်းကနေ ချယ်လ်ဆီးကို ရောက်ရှိလာခဲ့တာဖြစ်ပြီး ပါဝင်ကစားခဲ့ရတဲ့ ပွဲစဉ်(၃)ပွဲအတွင်း စပါးအသင်းနဲ့ ကစားခဲ့ရတဲ့ ကာရာဘောင်းလိဂ်ဖလားပွဲစဉ်ကိုသာ ဂိုးပေးခဲ့ရပြီး ကျန်တဲ့ပွဲစဉ်(၂)ပွဲမှာတော့ ဂိုးလုံးဝမပေးခဲ့ရပဲ Clean Sheet ရအောင် စွမ်းဆောင်ပေးနိုင်ခဲ့ပါတယ်။ ဒဏ်ရာပြသာနာကြောင့် မန်ဒီမကစားနိုင်ခဲ့တဲ့ ဝက်ဘရွန်းအသင်းနဲ့ပွဲမှာ ကီပါကို ပွဲထွက်ဂိုးသမားအဖြစ် ရွေးချယ်ခဲ့ရာမှာတော့ ကီပါက သူရဲ့ထုံးစံအတိုင်း အမှားတွေ ကျူးလွန်မိခဲ့ရင်း ဂိုးတွေပြန်ခွင့်ပြုခဲ့ရကာ တစ်ဖက်ကို (၃)ဂိုးစီနဲ့ သရေကျခဲ့ပြီး အနိုင်(၃)မှတ် ဆုံးရှံးခဲ့ရပါတယ်။

Photo Credit : Sky Sports

ဒီလို လက်စွမ်းပိုင်း အားနည်းချက်တွေရှိနေတဲ့ ကီပါအစား မန်ဒီကိုပဲ အသင်းရဲ့ဦးစားပေးဂိုးသမားအဖြစ် သတ်မှတ်လိုက်ကြောင်း ချယ်လ်ဆီးနည်းပြလမ်းပတ်က ထုတ်ဖော်ပြောဆိုခဲ့ပြီးနောက်မှာ ကီပါကို လာမယ့်ဆောင်းရာသီစျေးကွက်အတွင်းမှာပဲ အသင်းကနေ အငှားထုတ်သွားနိုင်တယ်ဆိုတဲ့ ကောလဟာလသတင်းတွေကပါ ထွက်ပေါ်လာခဲ့ပြန်ပါတယ်။ ဒီလိုအခြေအနေတွေရှိနေပေမယ့် မန်ဒီကတော့ သူနဲ့ ကီပါတို့ရဲ့ကြားမှာတော့ ဆက်ဆံရေးပိုင်း အဆင်ပြေနေတဲ့အကြောင်းကို “ကျွန်တော် ကီပါနဲ့ ဆက်ဆံရေးကောင်းတစ်ခုကို ပိုင်ဆိုင်ထားပါတယ်။ အသင်းမှာ ရှိနေကြတဲ့ ဂိုးသမားအစုအဖွဲ့က ဆက်ဆံရေးပွင့်လင်းကြပြီးတော့ အားလုံးထက် အသင်းကသာ ပိုအရေးကြီးတယ်ဆိုတာကိုလည်း နားလည်ယုံကြည်ထားကြပါတယ်။ ကျွန်တော်တို့ကြားက ဆက်ဆံရေးတွေကလည်း အရမ်းကောင်းမွန်ပါတယ်။ လေ့ကျင့်ခန်းတွေ အတူလုပ်ကြတယ်။ နေ့တိုင်းလည်း ကျွန်တော်တို့တွေ အချင်းချင်းဖိအားပေးကြတယ်။ ဒါကလည်း ကျွန်တော်တို့ကြားမှာ တိုးတတ်မှုတွေ ရှိအောင်လို့ပါ” လို့ ပထမဆုံးအကြိမ် ပြုလုပ်ခဲ့တဲ့ သတင်းစာရှင်းလင်းပွဲအတွင်းမှာ ထုတ်ဖော်ပြောဆိုခဲ့ပါတယ်။ ပဲလေ့စ်ကို အနိုင်ရတဲ့ပွဲ ဆီဗီလာနဲ့သရေကျတဲ့ပွဲတွေမှာ Clean Sheet ရယူနိုင်ခဲ့တဲ့ မန်ဒီဟာ မန်ချက်စတာယူနိုက်တက်အသင်းနဲ့ ပရီးမီးယားလိဂ်ပွဲမှာလည်း ပွဲထွက်ဂိုးသမားအဖြစ် ပါဝင်ကစားဖွယ် ရှိနေပါတယ်။