ချဲလ်ဆီးအသင်းဟာ အသင်းရဲ့ လက်ရှိ ဂိုးသမားတွေ ဖြစ်တဲ့ ကီပါ နဲ့ ကာဘာလာရိုတို့ရဲ့ နေရာမှာ အပြောင်းအလဲအဖြစ် အသုံးပြုနိုင်ဖို့ ဂိုးသမားသစ်ကို ခေါ်ယူချင်နေပြီး ရင်းနက်စ် ဂိုးသမား မန်ဒီကို ခေါ်ယူဖို့ အလွန် နီးစပ်နေပြီ ဖြစ်တယ်လို့ အင်္ဂလန် အခြေစိုက် Skysports ကနေ ဖော်ပြခဲ့ပါတယ်။ ချဲလ်ဆီးအသင်းဟာ ဇီယက်စ်၊ တီမိုဝါနာ၊ အမ်ဘူယာဘာ၊ ဘင်ချီဝဲလ်၊ ဆားလ်၊ ကိုင်းဟာဗက်စ် နဲ့ သီယာဂို ဆေးလ်ဗား၊ စတဲ့ ကစားသမားသစ် (၇) ဦးကို လက်ရှိရာသီ အပြောင်းအရွေ့မှာ ခေါ်ယူနိုင်ခဲ့ပြီ ဖြစ်ပြီး ဂိုးသမား မန်ဒီက အသင်းရဲ့ (၈) ဦးမြောက် ခေါ်ယူမှု ဖြစ်လာနိုင်ဖွယ် ရှိပါတယ်။

Photo Credit: Skysports

ဂိုးသမား မန်ဒီဟာ ယခုအပတ်၊ လာမယ့်၊ တနင်္ဂနွေနေ့ညမှာ၊ နီးမက်စ်အသင်းနဲ့ လီဂူးဝမ်း ပွဲစဉ်ကို အဝေးကွင်းမှာ သွားရောက် ကစားရမှာ ဖြစ်ပေမယ့်လည်း ယနေ့၊ သောကြာနေ့က၊ ပြုလုပ်သွားခဲ့တဲ့ အသင်းရဲ့ လေ့ကျင့်ရေး အစီအစဉ်မှာ မပါလာခဲ့ဘဲ လေ့ကျင့်ရေးကို လွဲချော်သွားခဲ့တာ ဖြစ်ပါတယ်။ ဂိုးသမား မန်ဒီဟာ သူ့ရဲ့ အေးဂျင့်တွေနဲ့ အတူ လေ့ကျင့်ရေး ကွင်းကို ရောက်လာခဲ့ပေမယ့်လည်း လေ့ကျင့်ရေး မဆင်းဘဲ အသင်းနဲ့ ဆွေးနွေးမှုတွေ ပြုလုပ်ခဲ့ကြပြီး ချဲလ်ဆီးအသင်းကို ပြောင်းရွေ့ဖို့ ဆွေးနွေးနေကြတာ ဖြစ်နိုင်တယ်လို့ ပြင်သစ် အခြေစိုက် သတင်းတွေကလည်း ဖော်ပြခဲ့ကြပါတယ်။

Photo Credit: Skysports

ဂိုးသမား မန်ဒီဟာ အရင် ရင်းနက်စ်အသင်းကို ချဲလ်ဆီးအသင်းကို ပြောင်းချင်တယ်လို့ ပြောခဲ့ဖူးတာ ဖြစ်ပြီး လွန်ခဲ့တဲ့ (၂၀၀၄) ခုနှစ်က အပြောင်းအရွေ့ ေ ဈးကွက်မှာ ရင်းနက်စ်အသင်းကနေ ချဲလ်ဆီးအသင်းကို ပြောင်းရွေ့လာခဲ့တဲ့ ချဲလ်ဆီး ဂိုးသမား ပီတာချက်လို ဖြစ်လာနိုင်ချေ ရှိပါတယ်။ ချဲလ်ဆီးအသင်းရဲ့ နည်းပညာ ဒါရိုက်တာ ဖြစ်နေပြီ ဖြစ်တဲ့ ပီတာချက်ဟာ လက်ရှိ မန်ဒီရဲ့ အပြောင်းအရွေ့မှာ တစ်ထောင့်တစ်နေရာကနေ ပါဝင်နေတယ်လို့ သတင်း ထွက်လာခဲ့ပြီး ဂိုးသမား မန်ဒီအနေနဲ့ ချဲလ်ဆီးအသင်းကို ပြောင်းရွေ့လာနိုင်ချေ အလွန် များနေတာ ဖြစ်ပါတယ်။ ချဲလ်ဆီးအသင်းဟာ ပြီးခဲ့တဲ့ ရာသီမှာ ပရီးမီးယားလိဂ် ပွဲစဉ် (၃၈) ပွဲ ကစားခဲ့စဉ်က ပေးဂိုး (၅၄) ဂိုး ရှိခဲ့တာကြောင့် အသင်းရဲ့ နောက်တန်းကို အားဖြည့်ခဲ့ပြီး လက်ရှိမှာလည်း ရင်းနက်စ် ဂိုးသမား မန်ဒီကို အပြီးသတ် ခေါ်ယူနိုင်ဖို့ အလွန် နီးစပ်နေပြီ ဖြစ်တယ်လို့ သတင်းတွေ ထွက်လာခဲ့ပါတယ်။