ဘရာဇီးလူမျိုး ဘာစီလိုနာအသင်းရဲ့ ကွင်းလယ်လူဟောင်း အက်မီလ်ဆွန် (Edmilson) ဟာ ဘရာဇီး တိုက်စစ်မှူး နေမာက ပြင်သစ် တိုက်စစ်မှူး အမ်ဘာပေထက် ပိုကောင်းသလားလို့ အမေးခံရတဲ့ အခါမှာ ပိုကောင်းပါတယ်လို့ ပြောခဲ့ပေမဲ့လည်း အကောင်းဆုံးက မက်ဆီပါလို့ ပြောကြားသွားပါတယ်။ လက်ရှိမှာ အသက် (၄၃) နှစ် အရွယ် ရှိနေပြီ ဖြစ်တဲ့ အက်မီလ်ဆွန်ကတော့ ဘာစီလိုနာအသင်းမှာ (၂၀၀၄) ခုနှစ်ကနေ (၂၀၀၈) ခုနှစ်အထိ ကစားခဲ့ပြီး ဘာစီလိုနာအသင်းက သူ့ကို စာချုပ်သစ် ထပ်မကမ်းလှမ်းတော့တာကြောင့် ဘာစီလိုနာအသင်းကနေ ထွက်သွားခဲ့တာပဲ ဖြစ်ပါတယ်။

Photo Credit: Marca

ကွင်းလယ်ကစားသမားဟောင်း အက်မီလ်ဆွန်ကတော့ ဘာစီလိုနာအသင်းအတွက် ကစားခဲ့စဉ်က အဓိက ဆုဖလားတွေ ဖြစ်တဲ့ စပိန် လာလီဂါ ဆုဖလားကို (၂) ကြိမ် နဲ့ ချန်ပီယံလိဂ် ဆုဖလားကို (၁) ကြိမ် ရရှိခဲ့ပြီး (၂၀၀၂) ခုနှစ်မှာ ဘရာဇီး လက်ရွေးစင်အသင်းနဲ့ အတူ ကမ္ဘာ့ဖလား ရရှိခဲ့တာ ဖြစ်ပါတယ်။ အက်မီလ်ဆွန်ဟာ Radio Marca သတင်းက နေမာက အမ်ဘာပေထက် ပိုကောင်းပါသလားလို့ အမေးခံရတဲ့ အချိန်မှာ ပိုကောင်းပါတယ်လို့ ပြောသွားခဲ့ပေမဲ့ အကောင်းဆုံး ကစားသမားက ဘာစီလိုနာ နဲ့ အာဂျင်တီးနား တိုက်စစ်မှူး မက်ဆီ ဖြစ်ပါတယ်လို့ ပြောကြားသွားခဲ့ပါတယ်။

Photo Credit: Marca

အက်မီလ်ဆွန်ဟာ နေမာအနေနဲ့ အမ်ဘာပေထက် ပိုကောင်းသလားလို့ Radio Marca သတင်းက မေးမြန်းတဲ့ အချိန်မှာ သူက “ပိုကောင်းတယ်လို့ ကျွန်တော် ထင်တယ်။ ဆုံးဖြတ်ချက်ချရမယ့် ကိစ္စတွေ ရှိလာပြီ ဆိုရင် နေမာက ပို ပြည့်စုံတယ်လို့ ကျွန်တော် ထင်ပါတယ်။ အမ်ဘာပေက အရည်အချင်း ရှိပြီး လျှင်မြန်ပါတယ်။ ဒါပေမဲ့ နေမာကတော့ ဂိုးဖန်တီးနိုင်စွမ်း နဲ့ အရည်အချင်း ပို ရှိတယ်။ သူတု့ိနှစ်ဦးက ကစားသမားကောင်းတွေပါ။ အမ်ဘာပေက ဟင်နာရီနဲ့ အနည်းငယ် တူပြီး နေမာက ရော်နယ်ဒင်ဟိုနဲ့ ပို တူပါတယ်။ ဘာလို့လဲဆိုရင် နေမာမှာက ဂိုးဖန်တီးနိုင်စွမ်း ရှိပြီး ဘရာဇီး အကကို ကနိုင်ပါတယ်။ ကျွန်တော်က ဘရာဇီးလူမျိုး ဖြစ်လို့ ဒီလို ပြောနေတာ မဟုတ်ဘူး။ ဘာလို့လဲဆိုရင် အကောင်းဆုံး ကစားသမားက မက်ဆီ ဖြစ်လို့ပါ”လို့ ပြောသွားပါတယ်။