မန်ချက်စတာယူနိုက်တက်အသင်းရဲ့ ဝါရင့် တိုက်စစ်ကစားသမားကြီး အက်ဒီဆင်ကာဗာနီဟာ ဒီနှစ်ဘောလုံးရာသီအကုန်မှာ ယူနိုက်တက်အသင်းနဲ့ စာချုပ်သက်တမ်း ပြည့်မြောက်တော့မှာဖြစ်သလို သက်တမ်းလည်း ထပ်တိုးတော့မှာ မဟုတ်ပဲ အသင်းနဲ့လမ်းခွဲပြီး နောက်ထပ် အသင်းသစ် တစ်သင်းဆီကိုသာ ပြောင်းရွှေ့ဖွယ် ရှိနေရာ စပိန်လာလီဂါ ကလပ်အသင်းတွေဆီကိုသာ ဦးစားပေး ပြောင်းရွှေ့သွားလိမ့်မယ်လို့ ဖာဘရီဇီယိုရိုမာနိုက ဖော်ပြလာခဲ့ပါတယ်။

Photo Credit : Sport Vectru

အသက်(၃၅)နှစ်အရွှယ်ရှိဥရုဂွေး တိုက်စစ်ကစားသမားကြီး ကာဗာနီဟာ ၂၀၂ဝခုနှစ် နွေေစျေးကွက်ကမှ ပီအက်စ်ဂျီကနေ ယူနိုက်တက်အသင်းဆီကို အလွတ်ပြောင်းရွှေ့ကြေးနဲ့ ရောက်ရှိလာခဲ့ပြီး လက်ရှိအချိန်ထိ အသင်းအတွက် (၅၅)ပွဲ ပါဝင်ကစားထားခဲ့ကာ သွင်းဂိုး(၁၉)ဂိုး သွင်းယူနိုင်ခဲ့ပါတယ်။ ပါလာမို နာပိုလီ ပီအက်စ်ဂျီနဲ့ လက်ရှိ ယူနိုက်တက်အသင်းတို့မှာ ပါဝင်ကစားနေတဲ့ ကာဗာနီဟာ သူရဲ့ကစားသမားဘဝကို အဆုံးမသတ်ခင်မှာ အတွေ့အကြုံအသစ်တွေ ထပ်မံယူဆောင်ဖို့အတွက် စပိန်လာလီဂါပြိုင်ပွဲဝင် ကလပ်အသင်းတွေဆီကို ဦးစားပေး ပြောင်းရွှေ့သွားနိုင်တယ်လို့ သိရပါတယ်။

Photo Credit : FotMob

ဝါရင့် တိုက်စစ်မှူးကြီး ကာဗာနီဟာ လာမယ့် ဇွန်လ(၃၀)ရက်နေ့မှာပဲ ယူနိုက်တက်အသင်းနဲ့ ချုပ်ဆိုထားတဲ့ စာချုပ်သက်တမ်းက ကုန်ဆုံးတော့မှာဖြစ်ပြီး အသင်းနဲ့လည်း လက်တွဲဖြုတ်ဖွယ်သာ ရှိနေတဲ့ သူရဲ့အစီအစဉ်ကိုပါ ပြောင်းလဲသွားမှာ မဟုတ်ပဲ မကြာမီ အတည်ပြု ထုတ်ပြန်သွားမယ်လို့ သိရှိရပါတယ်။ သူ့ကို နဂိုကတည်းက တောင်အမေရိကရဲ့ နာမည်ကြီး ဘောလုံးကလပ်အသင်းတွေ တောက်လျှောက်ကြိုးပမ်းခဲ့ကြပြီး အာဂျင်တီးနား နာမည်ကျော်ကလပ် ရေးဗားပလိတ်နဲ့လည်း အပြောင်းအရွှေ့သတင်းတွေ ထွက်ပေါ်ခဲ့ပေမယ့် ကာဗာနီကတော့ သူတစ်ခါမှကို မကျင်လည်ဖူးသေးတဲ့ စပိန်လာလီဂါကိုသာ ပြောင်းရွှေ့ဖို့ စိတ်အားထက်သန်လျက် ရှိနေပါတယ်။ ကာဗာနီဟာ ဒီနှစ်ဘောလုံးရာသီမှာ ယူနိုက်တက်အသင်းအတွက် ပြိုင်ပွဲစုံ(၁၆)ပွဲ ပါဝင်ကစားခွင့် ရရှိခဲ့ပေမယ့် အဲ့ဒီထဲကမှ (၇)ပွဲကိုသာ ပွဲထွက်ကစားသမားအဖြစ် ကစားခဲ့ရပြီး အသင်းအတွက်ကိုလည်း သွင်းဂိုး(၂)ဂိုးနဲ့ ဂိုးဖန်တီးမှု (၁)ကြိမ်သာ ပြုလုပ်ထားနိုင်ခဲ့ပါတယ်။ ကာဗာနီဟာ သူရဲ့ယူနိုက်တက် ကစားသမားဘဝ ပထမဆုံးရာသီမှာ အသင်းအတွက် အကောင်းဆုံး ပါဝင်နိုင်ခဲ့ပေမယ့် ဒုတိယရာသီမှာတော့ ရော်နယ်လ်ဒို ပြန်လည်ရောက်ရှိမှုနဲ့အတူ သူရဲ့ပွဲကစားတွေလည်း တဖြည်းဖြည်း နည်းပါးလာခဲ့ရတာ ဖြစ်ပါတယ်။