MySport Myanmar

ကာဗာနီကို အလိုရှိနေတဲ့ အသင်းတွေထဲမှာ ဆီဗီလာနဲ့ အသက်လက်တီကိုတို့ပါ ပါဝင်လာခဲ့

လာမယ့် ဇွန်လ(၃၀)ရက်နေ့မှာပဲ မန်ချက်စတာယူနိုက်တက်အသင်းနဲ့ စာချုပ်သက်တမ်း ကုန်ဆုံးရတော့မယ့် ဝါရင့်တိုက်စစ်ကစားသမားကြီး အက်ဒီဆင်ကာဗာနီကို စပိန်လာလီဂါ ကလပ်အသင်းတွေများစွာက ခေါ်ယူသွားချင်နေပြီး ကာဗာနီကို အလိုရှိနေတဲ့ လာလီဂါကလပ်တွေထဲမှာ ဆီဗီလာနဲ့ အသက်လက်တီကိုမက်ဒရစ်အသင်းတို့ပါ ပါဝင်နေတယ်လို့ သိရပါတယ်။

Photo Credit : Goal

အသက်(၃၅)နှစ်အရွှယ်ရှိ ဥရုဂွေးလက်ရွေးစင် တိုက်စစ်ကစားသမား ကာဗာနီဟာ ၂၀၂၀ခုနှစ်ကမှ ပီအက်စ်ဂျီကနေ ယူနိုက်တက်အသင်းဆီကို အလွတ်ပြောင်းရွှေ့ကြေးနဲ့ ရောက်ရှိလာခဲ့တာဖြစ်ပြီး သူရဲ့ ယူနိုက်တက် ကစားသမားဘဝ ပထမဆုံးရာသီမှာ အသင်းအတွက် ပြိုင်ပွဲစုံ(၁၇)ဂိုးထိ သွင်းယူနိုင်ခဲ့ပေမယ့် သူရဲ့ဒုတိယရာသီမှာတော့ ဒဏ်ရာပြသာနာတွေအပြင် အသင်းကို ရော်နယ်လ်ဒို ပြန်ရောက်လာတာကြောင့်ရော ပွဲကစားခွင့်က အကန့်အသတ်တွေ ဖြစ်လာခဲ့ရပြီး သွင်းဂိုးလည်း (၂)ဂိုးသာ သွင်းယူနိုင်ခဲ့ပါတယ်။

Photo Credit : Twitter

အသင်းမှာ အနာဂတ်မရှိတော့တဲ့ ကာဗာနီဟာ ယူနိုက်တက်နဲ့လည်း စာချုပ်သက်တမ်းက ကုန်ဆုံးတော့မှာ ဖြစ်တဲ့အတွက် ထပ်မံသက်တမ်းတိုးခြင်း မရှိတော့ပဲ ဇွန်လ(၃၀)ရက်နေ့မှာ အသင်းနဲ့ လက်တွဲဖြုတ်သွားဖို့ ဆုံးဖြတ်ထားခဲ့ပါတယ်။ အသက်အရွှယ်အရ အကျပိုင်းကို ရောက်ရှိနေပြီ ဖြစ်ပေမယ့်လည်း အတွေ့အကြုံကောင်းတွေ ပိုင်ဆိုင်ထားသူဖြစ်လို့ ကာဗာနီကို ဥရောပကလပ်အသင်းတွေက မျက်စိကျနေခဲ့ပြီး အထူးသဖြင့်တော့ လာလီဂါကလပ်အသင်းတွေက စိတ်အဝင်စားဆုံး ဖြစ်နေကြပါတယ်။ လက်ရှိ ထွက်ပေါ်နေတဲ့ သတင်းတွေအရ လာလီဂါကလပ်အသင်း (၄)သင်းဖြစ်တဲ့ ဆီဗီလာ အသက်လက်တီကို ဗီလာရီးယဲလ်နဲ့ ဆိုစီဒက်အသင်းတွေကနေ ကာဗာနီကို ခေါ်ယူနိုင်ဖို့အတွက် ကာဗာနီရဲ့အေးဂျင့်နဲ့ပါ ဆွေးနွေးနေတယ်လို့ သိရှိရပါတယ်။ ဆီဗီလာ အသက်လက်တီကိုတို့လို လာလီဂါရဲ့ အင်အားကြီးအသင်းတွေက ကာဗာနီကို အလိုရှိနေခဲ့ပေမယ့် ဒီအသင်းတွေမှာ တိုက်စစ်ကစားသမားကောင်းတွေ များစွာရှိနေလို့ ကာဗာနီအတွက် ပုံမှန်နေရာရဖို့က ခဲယဉ်းနိုင်ပြီး ဝါရင့်ကစားသမားကြီးတွေဖြစ်တဲ့ ဆေးလ်ဗား မွန်နီရယ်တို့ကို နေရာပေးတတ်တဲ့ ဆိုစီဒက်အသင်းက ကာဗာနီကို ပွဲကစားခွင့်တွေ ပိုပေးနိုင်ဖွယ် ရှိနေသလို ဗီလာရီးယဲလ်အသင်းကလည်း ကာဗာနီအတွက် ရွေးချယ်စရာ အသင်းတစ်သင်း ဖြစ်လာနိုင်ပါတယ်။

Exit mobile version