ချယ်လ်ဆီးအသင်းရဲ့ ကစားသမားဟောင်းတစ်ယောက်ဖြစ်ပြီး လက်ရှိမှာ နည်းပြတစ်ဦးအဖြစ် ဘောလုံးနယ်ပယ်အတွင်း ကျင်လည်နေတဲ့ ဥရုဂွေးလူမျိုး ဘောလုံးနည်းပြ ပိုယက်က မန်ချက်စတာယူနိုက်တက်အသင်းရဲ့ ဥရုဂွေး ဝါရင့်တိုက်စစ်မှူး အက်ဒီဆင်ကာဗာနီအနေနဲ့ အသင်းမှာ ပုံမှန်ပွဲကစားခွင့်တွေ နည်းပါးလာတာကြောင့် လာမယ့် ဆောင်းရာသီ အပြောင်းအရွှေ့စျေးကွက်အတွင်း အသင်းကနေ ထွက်ခွာသင့်တယ်လို့ အကြံပြု ပြောဆိုမှုတွေ ပြုလုပ်သွားခဲ့ပါတယ်။

Photo Credit : The Sun

အသက်(၃၄)နှစ်အရွှယ်ရှိ ဥရုဂွေးလက်ရွေးစင် တိုက်စစ်ကစားသမားကြီး ကာဗာနီဟာ ပြီးခဲ့တဲ့နှစ်ကမှ ယူနိုက်တက်ကို ရောက်ရှိ်လာခဲ့တာဖြစ်ပြီး အသင်းနဲ့ ပွဲဦးထွက်ရတဲ့ နှစ်မှာပဲ ခြေစွမ်းတွေ ပြသနိုင်ခဲ့ပါတယ်။ ဒါပေမယ့် ဒီနှစ်မှာတော့ ယူနိုက်တက်အသင်းက ကစားသမားဟောင်းဖြစ်တဲ့ ခရစ္စတီယာနိုရော်နယ်လ်ဒိုကို အသင်းဆီ ပြန်ခေါ်ခဲ့ပြီးတဲ့နောက် ကာဗာနီရဲ့ကျောနံပါတ်(၇)ကိုရော ကာဗာနီ ကစားတဲ့ အထောင်တိုက်စစ်နေရာကိုပါ ရော်နယ်လ်ဒိုကို လွှဲပြောင်းလိုက်လို့ ကာဗာနီအနေနဲ့ ဒီနှစ်ရာသီအတွင်း ယူနိုက်တက်အတွက် ပရီးမီးယားလိဂ်ပြိုင်ပွဲမှာ စုစုပေါင်း (၁၀၄)မိနစ်သာ ပါဝင်ကစားထားခဲ့ရပါတယ်။

Photo Credit : Metro

ဒီရာသီမှာ ယူနိုက်တက်အသင်းအတွက် ပြိုင်ပွဲစုံ(၄)ပွဲသာ ပါဝင်ကစားခွင့် ရရှိထားတဲ့ ကာဗာနီရဲ့ အခြေအနေနဲ့ပတ်သက်ပြီး ပိုယက်က “ကာဗာနီက ကံဆိုးတာပါ။ ဘာကြောင့်လဲဆိုတော့ ရော်နယ်လ်ဒိုသာ ယူနိုက်တက်အသင်းဆီကို မရောက်ရှိလာခဲ့ဘူးဆိုရင် သူက ယူနိုက်တက်ရဲ့ အဓိ်က တိုက်စစ်ကစားသမားတစ်ဦးအဖြစ် ဆက်ရှိနေရပြီ။ ဒီဖြစ်ရပ်မှာ ဂျုဗင်တပ်စ် မန်စီးတီးအသင်းတို့ရဲ့ ဆုံးဖြတ်ချက်တွေ ပါဝင်ခဲ့ပြီး ဒါကလည်း လူတစ်ယောက်အတွက် မယုံနိုင်လောက် ထိခိုက်သွားခဲ့ရတယ်။ သူက ကာဗာနီပဲ။ သူ့အနေနဲ့ လာမယ့် ဇန်နဝါရီလလောက်မှာပဲ အသင်းအပြောင်းအလဲ လုပ်ဆောင်သင့်တယ်။ ကျွန်တော်သူနဲ့ သိပ်မသိပါဘူ။ ဒါပေမယ့် သူရဲ့နေရာမှာသာ ကျွန်တော်ဖြစ်နေမယ်ဆိုရင် အခြေအနေတွေကို စောင့်ကြည့်မယ်။ အခုဆိုရင် သူက နိုင်ငံအသင်းအတွက်တောင် မိနစ်(၉၀)ပြည့် ပါဝင်ကစားရတာကို မမြင်ရတော့ဘူး။ ဒါက ကလပ်အသင်းမှာ ပါဝင်ခွင့်မရတာကြောင့် ဖြစ်နိုင်ပါတယ်” လို့ တိုက်တွန်း ပြောဆိုသွားခဲ့ပါတယ်။