မန်ချက်စတာယူနိုက်တက်အသင်းရဲ့ ဝါရင့်တိုက်စစ်ကစားသမားကြီးဖြစ်သူ အက်ဒီဆင်ကာဗာနီဟာ ဒီနှစ်ဘောလုံးရာသီအကုန်မှာ အသင်းနဲ့ စာချုပ်သက်တမ်း ကုန်ဆုံးမှာဖြစ်ပေမယ့်လည်း စာချုပ်အတွင်းမှာ ထည့်သွင်းထားတဲ့ တစ်နှစ်ထပ်မံသက်တမ်းတိုးခွင့် သဘောတူညီချက်ကြောင့် အသင်းနဲ့ ဆက်လက်ပြီး လက်တွဲဖို့ရှိနေရာကနေ အခုလတ်တလောမှာပဲ အာဂျင်တီးနား နာမည်ကျော်ကလပ် ဘိုကာဂျူနီယာအသင်းနဲ့ ကောလဟာလသတင်းတွေ ထွက်ပေါ်လာခဲ့ပြီး ကာဗာနီရဲ့အနာဂတ်ဟာလည်း လှုပ်ခတ်လာခဲ့ရပါတယ်။

Photo Credit : Manchester Evening News

အသက်(၃၄)နှစ်အရွှယ်ရှိ ဥရုဂွေးလက်ရွေးစင် ဝါရင့်တိုက်စစ်ကစားသမားကြီး ကာဗာနီဟာ ပြီးခဲ့တဲ့နွေစျေးကွက်အတွင်းကမှ ယူနိုက်တက်အသင်းဆီကို အလွတ်ပြောင်းရွှေ့ကြေးနဲ့ ရောက်ရှိလာခဲ့တာဖြစ်ပြီး ဒီနှစ်ဘောလုံးရာသီအတွင်း အသင်းအတွက် ပြိုင်ပွဲစုံ(၂၅)ပွဲ ပါဝင်ကစားထားခဲ့ရာ သွင်းဂိုး(၇)ဂိုး သွင်းယူထားနိုင်ခဲ့သလို ဂိုးဖန်တီးမှု (၂)ကြိမ်လည်း ပြုလုပ်ထားခဲ့ပါတယ်။ အသင်းအတွက် အကောင်းဆုံး ကြိုးစားကစားပေးနေတဲ့ ကာဗာနီကို ယူနိုက်တက်နည်းပြ အိုလေဂန်နာဆိုးလ်ရှားကိုယ်တိုင်က သဘောကျ နှစ်သက်နေတာကြောင့် နောက်ထပ်တစ်နှစ် သက်တမ်းတိုးဖို့ ကြိုးစားလာခဲ့ပေမယ့် ကာဗာနီကတော့ သူရဲ့အနာဂတ်နဲ့ပတ်သက်ပြီး လေးလေးနက်နက် စဉ်းစားလာဖွယ် ရှိနေပါတယ်။

Photo Credit : Sky Sports

နာပိုလီ ပီအက်စ်ဂျီအသင်းတို့ရဲ့ တိုက်စစ်မှူးဟောင်း ကာဗာနီဟာ တောင်အမေရိကတိုက်သားတစ်ဦး ဖြစ်တာနဲ့အညီ တောင်အမေရိကရဲ့ အကျော်ကြားဆုံး ဘောလုံးကလပ်အသင်းတစ်သင်းဖြစ်တဲ့ ဘိုကာဂျူနီယာအသင်းရဲ့ ပရိသတ်တစ်ယောက်အဖြစ်နဲ့ပါ ကြီးပြင်းလာခဲ့သူလည်းဖြစ်ပါတယ်။ ဒါကြောင့် ကာဗာနီက သူရဲ့ကစားသမားဘဝကို အဆုံးမသတ်ခင်မှာ သူအားပေးခဲ့ရတဲ့ ဘိုကာဂျူနီယာအသင်းသားအဖြစ် ပါဝင်ကစားချင်နေတာကြောင့် သူရဲ့လက်ရှိကလပ် ယူနိုက်တက်အသင်းနဲ့ စာချုပ်သက်တမ်း တိုးမြှင့်သွားမယ့်ကိစ္စကို ကာဗာနီဘက်ကနေ ပြန်လည်စဉ်းစားဖွယ် ရှိနေသလို ထွက်ပေါ်နေတဲ့ သတင်းတွေအရဆိုရင်လည်း ကာဗာနီက တောင်အမေရိကကို ပြန်သွားချင်နေတာကြောင့် ဘိုကာဂျူနီယာအသင်းနဲ့ ကာဗာနီရဲ့အေးဂျင့်တို့ပါ ဆွေးနွေးမှုတွေ ပြုလုပ်နေတယ်လို့ပါ သိရှိရပါတယ်။ ယူနိုက်တက်အသင်းကတော့ သူတို့ရဲ့တိုက်စစ်ကစားသမား ကာဗာနီကိုသာ လက်လွတ်လိုက်ရမယ်ဆိုရင် ဖရန့်ဖတ်အသင်းရဲ့ ပေါ်တူဂီတိုက်စစ်ကစားသမား အန်ဒရီဆေးဗားကို ခေါ်ယူသွားဖို့ ချိန်ရွှယ်နေတဲ့အပြင် ဆိုးလ်ရှားရဲ့တပည့်ဟောင်းတစ်ဦးဖြစ်ခဲ့တဲ့ ဒေါ့မွန်ကြယ်ပွင့် အာလင်းဟာလန်းကိုပါ ပစ်မှတ်ထားလျက် ရှိနေပါတယ်။