အခုနှစ် နွေရာသီမှာ မန်ချက်စတာယူနိုက်တက်အသင်းနဲ့ စာချုပ်သက်တမ်း ကုန်ဆုံးသွားပြီးနောက် free agent ကစားသမား ဖြစ်လာခဲ့ရတဲ့ ဥရုဂွေး ဝါရင့် တိုက်စစ်ကစားသမားကြီး အက်ဒီဆင်ကာဗာနီဟာ အခုဆိုရင် စပိန်လာလီဂါကလပ် ဗီလာရီးယဲလ်အသင်းဆီကို အလွတ်ပြောင်းရွှေ့ကြေးနဲ့ ပြောင်းရွှေ့သွားဖို့ သဘောတူညီမှု ရရှိသွားခဲ့ပြီလို့ သိရပါတယ်။

Photo Credit : UEFA

အသက်(၃၅)နှစ်အရွယ်ရှိ ဥရုဂွေးလက်ရွေးစင် တိုက်စစ်မှူးကြီး ကာဗာနီဟာ ပြီးခဲ့တဲ့ ဇွန်လ(၃၀)ရက်နေ့မှာပဲ ယူနိုက်တက်အသင်းနဲ့ စာချုပ်သက်တမ်း ကုန်ဆုံးသွားခဲ့ပြီး အသင်းလက်မဲ့ ကစားသမား ဖြစ်သွားခဲ့ရပေမယ့် ကာဗာနီလို ထိပ်တန်း ကစားသမားမျိုးကို ခေါ်ယူချင်နေတဲ့ ကလပ်အသင်းတွေက များစွာရှိနေပါတယ်။ အသက်အရွှယ်အရ အကျဘက်ကို ရောက်ရှိနေပြီ ဆိုပေမယ့်လည်း အတွေ့အကြုံကောင်းတွေနဲ့အတူ ကြိုးစားကစားနိုင်သေးတဲ့ ကာဗာနီကို ဥရောပကလပ်တွေအပြင် တောင်အမေရိကအသင်းတွေကပါ ခေါ်ယူသွားဖို့ အပြိုင်ကြိုးပမ်းကြပေမယ့် နောက်ဆုံးမှာတော့ ကာဗာနီက ဗီလာရီးယဲလ်အသင်းကို ပြောင်းရွှေ့ဖို့သာ ရွေးချယ်လိုက်ပါတယ်။

Photo Credit : Daily Star

စပိန်နိုင်ငံရဲ့ နာမည်ကျော် သတင်းစာ Marca ရဲ့ ဖော်ပြချက်အရ ဗီလာရီးယဲလ်အသင်းဟာ ဝါရင့် တိုက်စစ်မှူးကြီး ကာဗာနီကို ခေါ်ယူဖို့အတွက် သဘောတူညီမှု ရရှိခဲ့တယ်လို့ သိရှိရပါတယ်။ နာပိုလီ ပီအက်စ်ဂျီနဲ့ မန်ချက်စတာယူနိုက်တက်အသင်းတွေမှာ ပါဝင်ကစားခဲ့ဖူးတဲ့ ထိပ်တန်း ကစားသမားကြီး ကာဗာနီဟာ စီးရီးအေ ပြင်သစ်လီဂူးနဲ့ ပရီးမီးယားလိဂ်တွေမှာသာ ပါဝင်ခဲ့ရဖူးပြီး လက်ရှိမှာတော့ စပိန်လာလီဂါမှာပါ သွားရောက်ကစားရင်း ကစားသမားဘဝကနေ အနားမယူခင်မှာ အတွေ့အကြုံသစ်တွေ ထပ်မံရှာဖွေနိုင်တော့မှာ ဖြစ်ပါတယ်။ ဗီလာရီးယဲလ်အသင်းဟာလည်း ပြီးခဲ့တဲ့ ဘောလုံးရာသီက လာလီဂါ အမှတ်ပေးဇယားမှာ အဆင့်(၇)နေရာကို ရရှိခဲ့တာဖြစ်လို့ လာမယ့်ရာသီအတွင်း ယူရိုပါကွန်းဖရန့်လိဂ်ပြိုင်ပွဲကို ဝင်ရောက်ဆင်နွဲခွင့် ရရှိထားခဲ့တဲ့အတွက် ကာဗာနီအနေနဲ့ လာလီဂါ အတွေ့အကြုံအပြင် ကွန်းဖရန့်လိဂ်ပြိုင်ပွဲရဲ့ အတွေ့အကြုံ့ကိုပါ ရရှိမှာ ဖြစ်ပါတယ်။ ကာဗာနီဟာ လာမယ့် နိုဝင်ဘာလ ကာတာနိုင်ငံမှာ ကျင်းပသွားမယ့် ၂၀၂၂ခုနစ် ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ဥရုဂွေးလက်ရွေးစင်အသင်းနဲ့အတူ ပါဝင်ဆင်နွဲခွင့် ရရှိဖို့အတွက် သူ့ကို ကမ်းလှမ်းလာတဲ့ ကလပ်အသင်းတွေထဲကမှ သူ့အတွက် အသင့်တော်ဆုံး ဖြစ်နိုင်မယ့် အသင်းကို ရွေးချယ်ခဲ့ရတာဖြစ်ပြီး ကာဗာနီလို တိုက်စစ်မှူးတစ်ဦးကို ပိုင်ဆိုင်ရတော့မယ့် ဗီလာရီးယဲလ်အသင်းအတွက်ကလည်း အကောင်းဆုံး ခေါ်ယူမှုတစ်ခု ဖြစ်လာနိုင်ဖွယ်ပါ ရှိနေပါတယ်။