ပီအက်စ်ဂျီအသင်းရဲ့ သွင်းဂိုး အများဆုံး စံချိန်ကို ရရှိခဲ့တဲ့ တိုက်စစ်မှူး ကာဗာနီ နဲ့ ပီအက်စ်ဂျီအသင်းခေါင်းဆောင် သီယာဂို ဆေးလ်ဗားတို့ဟာ လာမယ့် သြဂုတ်လမှာ ပီအက်စ်ဂျီအသင်းကနေ ထွက်သွားတော့မှာ ဖြစ်တယ်လို့ ပီအက်စ်ဂျီ အသင်း ဒါရိုက်တာက ပြောကြားခဲ့ပါတယ်။ ကာဗာနီ နဲ့ ဆေးလ်ဗားတို့ရဲ့ စာချုပ်ဟာ ယခုလ ဇွန်လအကုန် ရက် (၃၀) မှာ ကုန်ဆုံးသွားမှာ ဖြစ်ပေမယ့်လည်း လီဂူးဝမ်း ပြိုင်ပွဲကို ကိုရိုနာ ဗိုင်းရပ်ကြောင့် ဧပြီလကတည်းက ရပ်နားခဲ့ရတဲ့ အတွက်ကြောင့် လာမယ့် သြဂုတ်လကုန်အထိ ဆက်လက် ကစားသွားကြရမှာပဲ ဖြစ်ပါတယ်။

Photo Credit: BBC

ချန်ပီယံလိဂ် ပြိုင်ပွဲဟာ ပုံစံအသစ်နဲ့ ကစားသွားမှာ ဖြစ်ပြီး လာမယ့် သြဂတ်လမှာ ပြီးဆုံးဖွယ်ရှိတယ်လို့ ဥရောပ ဘောလုံး အဖွဲ့ချုပ်က ပြောခဲ့ပြီး ကာဗာနီ နဲ့ ဆေးလ်ဗားဟာ ချန်ပီယံလိဂ် ပြိုင်ပွဲ ပြီးဆုံးပြီးနောက် သြဂုတ်လမှာ ပီအက်စ်ဂျီအသင်းကနေ ထွက်သွားကြဖွယ် ဖြစ်ပါတယ်။ ပီအက်စ်ဂျီအသင်းဟာ ဇွန်လ (၂၂) ရက်နေ့ကနေ လေ့ကျင့်ရေး စဆင်းခဲ့ပြီး ကိုရိုနာ ဗိုင်းရပ်ရောဂါ မဖြစ်ခင် ပြီးခဲ့တဲ့ မတ်လက ချန်ပီယံလိဂ် (၁၆) သင်းအဆင့် ပွဲစဉ်မှာ ဒေါ့မွန်အသင်းကို အနိုင်ရရှိခဲ့တာကြောင့် နောက်တစ်ဆင့် ကွာတား ဖိုင်နယ်ကို တက်လှမ်းသွားခဲ့ပြီ ဖြစ်ပါတယ်။

Photo Credit: BBC

ပီအက်စ်ဂျီ အားကစား ဒါရိုက်တာ လီယိုနာဒိုက “ဒီဆုံးဖြတ်ချက်က ခက်ခဲတဲ့ ဆုံးဖြတ်ချက်ပါပဲ။ ကာဗာနီ နဲ့ ဆေးလ်ဗားက ပီအက်စ်ဂျီအသင်းရဲ့ သမိုင်းမှာ သမိုင်းမှတ်တိုင် စိုက်ထူနိုင်ခဲ့ကြတဲ့ ကစားသမားတွေပါ။ သူတို့ရဲ့ သမိုင်းက လှပပါတယ်။ ဒါပေမယ့် ဟုတ်ပါတယ်။ ကျွန်တော်တို့ အဆုံးသတ်ကို ရောက်လာတော့မှာပါ။ ကျွန်တော်တို့ ကျိုးကြောင်းဆီလျော်တဲ့ ဆုံးဖြတ်ချက်ကို ချရပါတယ်။ ကျွန်တော်တို့ မှားကောင်း မှားနိုင်တယ်။ ကျွန်တော် မသိဘူး။ ပြီးပြည့်စုတဲ့ အချိန်ဆိုတာ မရှိပါဘူး။ အခု ချန်ပီယံလိဂ် ပြိုင်ပွဲက ဦးစားပေးပါ။ ကျွန်တော်တို့ရဲ့ စိတ်ကူးကတော့ ကာဗာနီ၊ ဆေးလ်ဗားတို့နဲ့ အတူ လာမယ့် သြဂုတ်လအကုန်အထိ ဆက်လက် ကစားသွားဖို့ပါ။ ဘယ်လို အဆုံးသတ်သွားမလဲ ဆိုတာ မရှင်းလင်းသေးပါဘူး”လို့ ပြောကြားသွားလိုက်ပါတယ်။