မန်ချက်စတာ စီးတီးအသင်းဟာ အသင်းရဲ့ အဓိက ကစားသမားတစ်ဦးဖြစ်သူ ဂိုးသမား အီဒါဆန်ဟာ လာမယ့် နွေရာသီ အပြောင်းအရွှေ့ ဈေးကွက်အတွင်းမှာပဲ အသင်းကနေ ထွက်ခွာသွားနိုင်ဖွယ် ရှိနေတယ်လို့ နာမည်ကျော် ဘောလုံးသတင်းထောက် ဖာဘရီဇီယို ရိုမာနိုက အတည်ပြု ထုတ်ပြန်လိုက်ပါတယ်။

လက်ရှိမှာ အသက်(၃၀)အရွယ် ရှိနေပြီဖြစ်တဲ့ ဘရာဇီးလ် လက်ရွေးစင် ဂိုးသမား အီဒါဆန်ဟာ လွန်ခဲ့တဲ့ ၂၀၁၇ခုနှစ်ကတည်းက ဘင်ဖီကာကနေ မန်စီးတီးအသင်းဆီ ရောက်ရှိလာခဲ့တာဖြစ်ပြီး အခုဆိုရင် မန်စီးတီးအတွက် ပွဲပေါင်း (၃၃၂)ပွဲအထိတောင် ကစားထားနိုင်ပြီပဲ ဖြစ်ပါတယ်။

Photo Credit : Barron

ပရီးမီးယားလိဂ်မှာ ရွှေလက်အိတ်ဆုကို (၃)ရာသီဆက်တိုက်အထိ ရယူထားနိုင်ဖူးတဲ့ ဂိုးသမား အီဒါဆန်ဟာ စပါးနဲ့ မန်စီးတီးအသင်းတို့ရဲ့ ပွဲစဉ်မှာ အသင်းအတွက် ပါဝင်ကစားပေးရင်းနဲ့ စပါးနောက်ခံလူ ရိုမဲရိုးနဲ့ ထိခိုက်မိရာကနေ အတော်လေးကို ဆိုးဆိုးရွှားရွှား အခြေအနေမျိုး ဖြစ်သွားခဲ့တာကြောင့် စီးတီးနည်းပြ ဂွာဒီယိုလာက အီဒါဆန်နဲ့ အရန်ဂိုးသမား အော်တီဂါနဲ့ကို လူစားလဲခဲ့ပါတယ်။

အီဒါဆန်က ပွဲကို ဆက်ကစားချင်နေတဲ့အတွက် လူစားလဲမှုအပေါ် မကျေမနပ်ဖြစ်ပြီး သူ့ကို လူစားလဲဖို့ လုပ်ဆောင်ခဲ့တဲ့ နည်းပြ ဂွာဒီယိုလာကိုလည်း သေချာမဆက်ဆံနိုင်တော့ပဲ ဒေါသတကြီး တုံ့ပြန်ခဲ့တာကြောင့် အသင်းဖော်တွေနဲ့ နည်းပြအဖွဲ့ဝင်တချို့က ဖြောင်းဖြခဲ့ရပါတယ်။

Photo Credit : beIN SPORTS

ဒီကိစ္စရပ်တွေ ဖြစ်ပေါ်ပြီးနောက် ရက်သတ္တပတ် အနည်းငယ်အကြာမှာပဲ ဖာဘရီဇီယို ရိုမာနိုက မန်စီးတီး ဂိုးသမား အီဒါဆန်ဟာ သူ့အတွက် သင့်တော်တဲ့ ကမ်းလှမ်းမှုတစ်ခု ရလာမယ်ဆိုရင် လာမယ့်နွေမှာပဲ အသင်းကနေ ထွက်ခွာသွားနိုင်တယ်လို့ ဖော်ပြလာခဲ့ပါတယ်။

ဖော်ပြချက်ထဲမှာတော့ ဂိုးသမား အီဒါဆန်ကို ခေါ်ယူဖို့ ဆော်ဒီကလပ်အသင်းတွေဘက်က စိတ်ဝင်စားလျက် ရှိနေပြီး ရာသီကုန်မှာ ကမ်းလှမ်းဖို့လည်း ရှိနေရာ အသင်းပြောင်းမပြောင်းကတော့ ကစားသမားရဲ့ ဆုံးဖြတ်ချက်အပေါ်မှာပဲ မူတည်နေတယ်လို့ ရိုမာနိုက အတည်ပြု ဖော်ပြထားခဲ့ပါတယ်။