ပြီးခဲ့တဲ့ရက်ပိုင်းလောက်က ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရမှုတွေကြောင့် ပွဲစဉ်တစ်ပွဲကိုပါ ရွှေ့ဆိုင်းလိုက်ရတဲ့ မန်စီးတီးအသင်းရဲ့ အဓိကဂိုးသမားဖြစ်တဲ့ အီဒါဆန်ဟာ ကိုဗစ်ကူးစက်မှုကို ရင်ဆိုင်ခဲ့ရပြီး လက်ရှိအချိန်မှာလည်း တစ်ဦးတည်း သီးသန့်နေထိုင်ရဦးမှာဖြစ်လို့ မန်စီးတီးအသင်းရဲ့ အဓိကပွဲစဉ်တွေဖြစ်တဲ့ ချယ်လ်ဆီးအသင်းနဲ့ ပရီးမီးယားလိဂ်ပွဲစဉ်နဲ့ မန်ချက်စတာယူနိုက်တက်အသင်းနဲ့ ယှဉ်ပြိုင်ကစားရမယ့် ကာရာဘောင်း လိဂ်ဖလား ဆီမီးဖိုင်နယ်ပွဲစဉ်တွေကိုပါ ဆက်တိုက်လွဲချော်ရဖွယ် ရှိနေတယ်လို့ သိရှိရပါတယ်။

Photo Credit : BeSoccer

အသက်(၂၇)နှစ်အရွှယ်ရှိ ဘရာဇီးလက်ရွေးစင် ဂိုးသမားအီဒါဆန်ဟာ မန်စီးတီးအသင်းရဲ့ ကိုဗစ်ကူးစက်ခံခဲ့ရတဲ့ ကစားသမား(၅)ယောက်ထဲမှာ တစ်ယောက်အပါအဝင်ဖြစ်ပြီး လက်ရှိမှာလည်း တစ်ဦးတည်းသီးသန့်နေထိုင်နေရကြောင်းကို အီဒါဆန်ကိုယ်တိုင်က ဝန်ခံပြောဆိုထားခဲ့ပါတယ်။ နောက်ခံအစွန်လူ ကိုင်းလ်ဝေါ်ကာနဲ့ တိုက်စစ်ကစားသမား ဂါဘရီရယ်ဂျေဇူးတို့ ကိုဗစ်ကူးစက်မှုတွေ စတင်ဖြစ်ပွားခဲ့ပြီးတဲ့နောက် မန်စီးတီးအသင်းအတွင်းမှာ နောက်ထပ်ကိုဗစ်ကူးစက်သူတွေ ထပ်မံတိုးပွားလာခဲ့ရာ ကိုဗစ်ကူးစက်နေတဲ့ ကစားသမား(၅)ယောက်ကို သီးသန့်နေထိုင်စေရပြီး အသင်းရဲ့ အရေးကြီးတဲ့ပွဲစဉ်တွေကိုပါ လွဲချော်ရနိုင်ဖွယ် ရှိနေပါတယ်။

Photo Credit : SI

တကယ်လို့ အီဒါဆန်သာ အသင်းအတွက် ပြန်လည်မကစားပေးနိုင်ခဲ့ဘူးဆိုရင်တော့ အမေရိကန်လက်ရွေးစင် ဂိုးသမား ဇက်စတက်ဖန်ကို သူရဲ့နေရာမှာ အစားထိုးရဖွယ် ရှိနေပါတယ်။ အသက်(၂၅)နှစ်အရွှယ်ရှိ အမေရိကန်ဂိုးသမား စတက်ဖန်ဟာ ဒီနှစ်ဘောလုံးရာသီအတွင်း မန်စီးတီးအသင်းအတွက် ပြိုင်ပွဲစုံ (၄)ပွဲအထိ ပါဝင်ကစားထားခဲ့ပြီး အသင်းအတွက် ကာရာဘောင်းဖလားပွဲ(၃)ပွဲနဲ့ ချန်ပီယံလိဂ်ပွဲ(၁)ပွဲ ပါဝင်ကစားပေးနိုင်ခဲ့ပါတယ်။ စတက်ဖန်ဟာ ၂၀၁၉ခုနှစ်ကမှ အမေရိကန် မေဂျာလိဂ်ကလပ် ကိုလံဘတ်စ်ခရူးအသင်းကနေ ယူရို(၆.၈၂)သန်းနဲ့ ပြောင်းရွှေ့လာခဲ့တာတာဖြစ်ပြီး အသင်းနဲ့ ပွဲထွက်မကစားရခင်မှာ ဂျာမန်ကလပ် ဒူဆယ်ဒေါ့ဖ်အသင်းဆီကို တစ်ရာသီအငှားနဲ့ သွားရောက်ကစားခဲ့ရပါတယ်။ အမေရိကန်လက်ရွေးစင်အသင်းအတွက် ပွဲပေါင်း(၂၀)လောက်အထိ ပါဝင်ကစားထားခဲ့ရတဲ့ စတက်ဖန်ဟာ မန်စီးတီးနဲ့ ချယ်လ်ဆီးအသင်းတို့ရဲ့ ပရီးမီးယားလိဂ်ပွဲစဉ်မှာပဲ သူရဲ့ပရီးမီးယားလိဂ်ကစားသမားဘဝ ပထမဆုံးသောပွဲကို စတင်ပါဝင်ဆင်နွဲရဖွယ် ရှိလို့နေပြီး သူရဲ့တစ်နိုင်ငံတည်းသား တောင်ပံတိုက်စစ်ကစားသမား ခရစ္စတီယန်ပူလီဆစ်နဲ့လည်း ပြိုင်ဘက်တွေအဖြစ် ပြန်လည်ရင်ဆိုင်ရမှာဖြစ်ပါတယ်။