MySport Myanmar

ဗလင်စီယာနဲ့ပွဲမှာ ရခဲ့တဲ့ ဒဏ်ရာကြောင့် လီဗာပူးနဲ့ပွဲကို လွဲချော်နိုင်တဲ့ မီလီတာအို

စပိန်လာလီဂါ အင်အားကြီးကလပ် ရီးရဲလ်မက်ဒရစ်ရဲ့ နည်းပြချုပ် ဖြစ်သူ အန်ဆလော့တီက ယနေ့မနက် အစောပိုင်းမှာ ယှဉ်ပြိုင် ကစားခဲ့တဲ့ ရီးရဲလ်မက်ဒရစ် ၂-၀ ဗလင်စီယာပွဲမှာ ဒဏ်ရာရသွားတဲ့ အဓိက ဗဟိုခံစစ်မှူး မီလီတာအိုရဲ့ ဒဏ်ရာဟာ စိုးရိမ်ရကြောင်း ပွဲအပြီးမှာ ပြောကြားသွားခဲ့ပါတယ်။

ရီးရဲလ်မက်ဒရစ်က လာလီဂါ ပွဲစဉ်(၁၉) အဖြစ် ယနေ့မနက် အစောပိုင်းမှာ နည်းပြလက်မဲ့ ဖြစ်နေတဲ့ ဗလင်စီယာကို အိမ်ကွင်းမှာ ဧည့်ခံ ကစားခဲ့ရပြီး အန်ဆလော့တီက ဘန်ဇီမာ ၊ မီလီတာအို ၊ ဗင်နီးစီးယပ်တို့ အပါအဝင် အဓိက ကစားသမား အစုံအလင်ကို ထည့်သွင်း အသုံးပြုခဲ့ပါတယ်။

Photo Credit: The Sun

အဓိက ကစားသမား အစုံ ပါဝင်ခဲ့တာကြောင့်ပဲ ရီးရဲလ်မက်ဒရစ်က ဗလင်စီယာကို ပွဲစပွဲဆုံး ဖိအားပေး တိုက်စစ်ဆင် ကစားကာ အနိုင်ရသွားခဲ့ပြီး ရီးရဲလ်မက်ဒရစ် အတွက် သွင်းဂိုးတွေကို ပွဲချိန် ၅၂မိနစ်မှာ အဆန်စီယိုနဲ့ ပွဲချိန် ၅၄မိနစ်မှာ ဗီနီးစီးယပ်စ်တို့က သွင်းယူပေးခဲ့ပါတယ်။

ရီးရဲလ်မက်ဒရစ်က ဗလင်စီယာကို အနိုင်ရသွားခဲ့ပေမယ့် သတင်းဆိုး တခုကတော့ ရီးရဲလ်မက်ဒရစ်ရဲ့ အဓိက တိုက်စစ်မှူး ဘန်ဇီမာနဲ့ အဓိက ဗဟိုခံစစ်မှူး မီလီတာအိုတို့ဟာ ဒဏ်ရာတွေ အသီးသီး ရသွားခဲ့တာကြောင့် လာမယ့်ပွဲစဉ်တွေကို ဝင်ရောက် ကစားဖို့ မသေချာတော့တာပဲ ဖြစ်ပါတယ်။

Photo Credit: The Sun

မီလီတာအိုက ပွဲချိန် ၃၅မိနစ်မှာ ဗလင်စီယာ တောင်ပံကစားသမား လီနိုနဲ့ ထိခိုက်မိကာ ဒဏ်ရာရသွားခဲ့တာ ဖြစ်ပြီး အဆိုပါဒဏ်ရာကြောင့် မီလီတာအိုဟာ အသင်းဖော် ကာဗာဂျယ်နဲ့ ချက်ချင်း လူစားလဲခဲ့ရသလို ဘန်ဇီမာကလည်း ပွဲချိန် ၆၀မိနစ် ဝန်းကျင်မှာ အသေးစား ဒဏ်ရာတခု ရသွားတာကြောင့် အသင်းဖော် ရိုဒရီဂိုနဲ့ လူစားလဲခဲ့ရပါသေးတယ်။

ပွဲပြီးဆုံးချိန်မှာတော့ ရီးရဲလ်မက်ဒရစ်နည်းပြ အန်ဆလော့တီက မီလီတာအိုနဲ့ ဘန်ဇီမာတို့ရဲ့ ဒဏ်ရာပြဿနာတွေ အကြောင်း ရှင်းလင်း ဖြေကြားသွားခဲ့ပါတယ်။ အန်ဆလော့တီက – “မီလီတာအိုရဲ့ ဒဏ်ရာက ဘန်ဇီမာရဲ့ ဒဏ်ရာထက် ပိုပြင်းထန်ပါတယ်။ သူတို့နှစ်ယောက်လုံးက အရမ်းကို ပရော်ဖက်ရှင်နယ် ဆန်တဲ့ ကစားသမားတွေ ဖြစ်တာကြောင့် ဒဏ်ရာတွေ ပိုမဆိုးလာခင် လူစားလဲဖို့ ကျွန်တော့်ကို တောင်းဆိုခဲ့တာပါ။ ကျွန်တော်တို့က မနက်ဖြန်မှာ သူတို့ရဲ့ ဒဏ်ရာ အခြေအနေကို စစ်ဆေးဖို့ ပြင်ဆင်ထားပါတယ်။ ဒီလိုအချိန်မျိုးမှာ ဒဏ်ရာတွေ ရတာက သဘာဝပါပဲ” လို့ ထုတ်ဖော် ပြောဆိုသွားခဲ့တာပါ။

Exit mobile version