ဘယ်ဂျီယံလက်ရွေးစင် တိုက်စစ်ကစားသမား တနည်းအားဖြင့် ပရီးမီးယားလိဂ်ရဲ့အကောင်းဆုံးသော ကစားသမားတွေထဲမှာ တစ်ဦးအပါအဝင်အဖြစ် သတ်မှတ်ခံထားရသူ အီဒင်ဟာဇက်ကတော့ ဒီရာသီမှာ သူရဲ့အောင်မြေဖြစ်ခဲ့တဲ့ ချယ်လ်ဆီးကနေ သူရဲ့အိမ်မက်အသင်းဖြစ်သူ ရီးရဲလ်မက်ဒရစ်အသင်းဆီကို ရောက်ရှိလာခဲ့ပြီးနောက် အားလုံးမျှော်လင့်စောင့်စားနေရသလို ရီးရဲလ်ရဲ့ အရေးတကြီး ကစားသမားတစ်ယောက် မဖြစ်လာသေးပဲ လက်ရှိချိန်ထိ ဒဏ်ရာပြသာနာနွံထဲကနေ လွတ်မြောက်အောင် မရုန်းထွက်နိုင်သေးပါဘူး။

Photo Credit : Metro

ဟာဇက်ကို ရီးရဲလ်မက်ဒရစ်အသင်းကို ရောက်ရှိပြီး သိပ်မကြာခင်မှာပဲ ဒဏ်ရာပြသာနာတွေကြောင့် လာလီဂါအဖွင့်ပွဲတွေကို လွဲချော်ခဲ့့ရကာ နောက်ပိုင်းမှသာ ရီးရဲလ်အတွက် ပြန်လည်ကစားနိုင်ခဲ့ရပါတယ်။ စက်တင်ဘာလကနေစတင်ပြီး နိုဝင်ဘာလထိ ရီးရဲလ်အတွက် တောက်လျှောက်ကစားပေးနိုင်ခဲ့တဲ့ ဟာဇက်ဟာ ပီအက်စ်ဂျီနဲ့ကစားခဲ့တဲ့ ချန်ပီယံလိဂ်ပွဲစဉ်မှာပဲ ခြေချင်းဝတ်ဒဏ်ရာပြသာနာကို ခံစားခဲ့ရလို့ အဲ့ဒီအချိန်ကနေ ၂၀၂၀ခုနှစ် ဖေဖော်ဝါရီလအစပိုင်းထိ အနားယူခဲ့ရပါတယ်။ အခုလည်း ဟာဇက်ဟာ ဒီဒဏ်ရာကနေ သက်သာလာခဲ့ပြီဖြစ်လို့ အသင်းအတွက် ပွဲထွက်နိုင်ခဲ့ပေမယ့်လည်း ပွဲချိန်ပြည့် မကစားနိုင်သေးလို့ ဒဏ်ရာအခြေအနေကလည်း ရှိနေသေးသယောင်ဖြစ်နေလို့ ဒီရာသီက ဟာဇက်အတွက် ဂြိုလ်ဆိုးဝင်မယ့် ဘောလုံးရာသီလို့တောင် သတ်မှတ်ရတော့မယ့် အနေအထားမှာရှိနေပါတယ်။

Photo Credit : BBC

ဟာဇက်ဟာ နဂိုကတည်းက ရီးရဲလ်အသင်းဆီကို ပြောင်းရွှေ့ကစားချင်နေသူဖြစ်ပြီး ချယ်လ်ဆီးကို မစွန့်ခွာချင်သေးသလို အသင်းကလည်း သူ့ကိုအလိုရှိနေဆဲဖြစ်လို့သာ စျေးကွက်တိုင်းလိုလိုမှာ ရီးရဲလ်အသင်းနဲ့ လွဲချော်ခဲ့ရတာဖြစ်ပြီး ဒီရာသီမှာတော့ မက်ဒရစ်မြို့ဆီ ဆိုက်ဆိုက်မြိုက်မြိုက် ရောက်လာခဲ့ပါတယ်။ ဒါပေမယ့် မက်ဒရစ်မြို့က ဒီဘယ်ဂျီယံသားအတွက် ကျိန်စာသင့်တဲ့နေရာတစ်ခုလို ဖြစ်နေခဲ့ရပြီး အခုချိန်ထိကို အသင်းအတွက် ပြိုင်ပွဲစုံသွင်းဂိုးကို ၁ဂိုးပဲ သွင်းယူထားနိုင်ခဲ့ပါတယ်။ ဟာဇက်က ရီးရဲလ်အတွက် ပြိုင်ပွဲစုံပွဲပေါင်း ၁၅ပွဲလေးသာ ကစားခဲ့ရပြီး ဂရန်နာဒါကို အနိုင်ရခဲ့တဲ့ပွဲမှာပဲ ရီးရဲလ်အတွက် သွင်းဂိုး၁ဂိုးတည်း ရယူနိုင်ခဲ့တာဖြစ်ကာ ဂိုးဖန်တီးမှုကတော့ လာလီဂါမှာ ၄ကြိမ်နဲ့ ချန်ပီယံလိဂ်မှာ ၁ကြိမ်စီ လုပ်ဆောင်ထားခဲ့ပါတယ်။ ဒီလို စွမ်းဆောင်ရည်နိမ့်ကျလို့နေတဲ့ ဟာဇက်က အခု ရီးရဲလ်အတွက် ပြန်လည်ကစားနိုင်ခဲ့တဲ့ ဆယ်တာဗီဂို လီဗန်တေးပွဲတွေမှာ သာမာန်လောက်သာ ကစားနိုင်ခဲ့ပြီး လီဗန်တေးကို အရေးနိမ့်ခဲ့တဲ့ပွဲမှာလည်း ဒဏ်ရာက ပြန်ထလာသလိုဖြစ်ပုံပေါ်လို့ ဟာဇက်အတွက် ဒီရာသီကတော့ ကစားသမားဘဝရဲ့ အဆိုးဆုံးရာသီ ဖြစ်နေတော့မှာ သေချာပါတယ်။