ယနေ့မနက် အစောပိုင်းမှာ ယှဉ်ပြိုင်ကစားခဲ့တဲ့ ဘယ်လ်ဂျီယံအသင်းနဲ့ ပေါ်တူဂီအသင်းတို့ရဲ့ ယူရို၂၀၂၀ပြိုင်ပွဲ ၁၆သင်းအဆင့် ရှုံးထွက်ပွဲစဉ်မှာတော့ ဘယ်လ်ဂျီယံအသင်းဟာ လက်ရှိ ချန်ပီယံ ပေါ်တူဂီအသင်းကို တောင်ပံ ကစားသမား သော်ဂန်ဟာဇက်ရဲ့ တလုံးထဲသော သွင်းဂိုးနဲ့ အနိုင်ယူ ကျော်ဖြတ်ကာ ကွာတားဖိုင်နယ် အဆင့်ကို တက်ရောက်နိုင်ခဲ့ပါတယ်။

ကွာတားဖိုင်နယ်အဆင့် မှာတော့ ဘယ်လ်ဂျီယံအသင်းဟာ ဩစတီးယားအသင်းကို အနိုင်ယူနိုင်ခဲ့တဲ့ အီတလီ လက်ရွေးစင်အသင်းနဲ့ ရင်ဆိုင် ကစားရမှာ ဖြစ်ပြီး ဘယ်လ်ဂျီယံအသင်းရဲ့ အသင်းခေါင်းဆောင် အီဒင်ဟာဇက်ဟာ အသေးစား တံကောက်ကြောဒဏ်ရာကြောင့် အဆိုပါပွဲစဉ်ကို လွဲချော်ဖွယ် ရှိကြောင်း သိရပါတယ်။

Photo Credit: Marca

အသက် ၃၀အရွယ် ဘယ်လ်ဂျီယံ အသင်းခေါင်းဆောင် အီဒင်ဟာဇက်ဟာ ဘယ်လ်ဂျီယံအသင်းက ပေါ်တူဂီအသင်းကို ၁-၀ ဆိုတဲ့ ရလဒ်နဲ့ အနိုင်ရခဲ့တဲ့ ပွဲစဉ်မှာ တံကောက်ကြောဒဏ်ရာ ရရှိခဲ့တာ ဖြစ်ပြီး ဟာဇက်အပြင် ဘယ်လ်ဂျီယံအသင်းရဲ့ အဓိက ကွင်းလယ်လူ ဒီဘရိုင်းကလည်း အဆိုပါပွဲစဉ်မှာ ဒဏ်ရာ ရရှိခဲ့တာကြောင့် အီတလီအသင်းနဲ့ ရင်ဆိုင် ကစားရမယ့် ပွဲစဉ်မှာ ဘယ်လ်ဂျီယံအသင်း အနေနဲ့ အဓိက ကစားသမား အစုံအလင်ကို အသုံးပြုနိုင်ဖွယ် မရှိပါဘူး။

လက်ရှိမှာတော့ ဟာဇက်ရဲ့ ဒဏ်ရာအခြေအနေဟာ ဒီဘရိုင်းရဲ့ ဒဏ်ရာလောက် ဆိုးရွားခြင်း မရှိပေမယ့် ပြီးခဲ့တဲ့ ၂နှစ်တာ ကာလ အတွင်းမှာ ရခဲ့တဲ့ ဒဏ်ရာတချို့ကြောင့် ဟာဇက်အနေနဲ့ သူ့ရဲ့ ဒဏ်ရာ အခြေအနေကို စောင့်ကြည့်ပြီးမှသာ ပွဲကစားသင့် ၊ မကစားသင့်ကို ဆုံးဖြတ်ရဖွယ် ရှိကြောင်း ဘယ်လ်ဂျီယံအသင်းရဲ့ ဆရာဝန်တွေက ပြောကြားထားပါတယ်။

Photo Credit: Marca

ဟာဇက်ကလည်း သူဟာ ပွဲကစားနေချိန် အတွင်းမှာ သူ့ရဲ့ တံကောက်ကြောနေရာက နာကျင်မှု တချို့ ရှိနေတာကို ခံစားမိခဲ့ကြောင်းနဲ့ သူဟာ အီတလီအသင်းနဲ့ ကစားရမယ့် ပွဲစဉ်မတိုင်မီ သူ့ရဲ့ ဒဏ်ရာကို စမ်းသပ်မှုတွေ ပြုလုပ်သွားမှာ ဖြစ်ကြောင်း ပရိသတ်ကို အသိပေးသွားခဲ့ပါတယ်။

ပေါ်တူဂီအသင်းနဲ့ ပွဲစဉ်မှာ တံကောက်ကြောဒဏ်ရာ ရခဲ့တဲ့ အကြောင်းကို ဟာဇက်က – “ကျွန်တော် ကိုယ့်ကိုယ်ကိုယ် နာကျင်အောင် လုပ်မိခဲ့ပါတယ်။ ကျွန်တော့်ရဲ့ တံကောက်ကြောမှာ နာကျင်မှု တချို့ ရှိနေတာကို ကျွန်တော် ခံစားခဲ့ရတယ်။ ကျွန်တော် ဒဏ်ရာတခု ရခဲ့တယ်လို့ ထင်ပါတယ်။ ကျွန်တော်တို့ မနက်ဖြန်မှာတော့ ဒီကိစ္စကို အတိအကျ သိရမှာပါ။ ကျွန်တော်တို့တွေ ဒဏ်ရာအခြေအနေကို အသေးစိတ် စစ်ဆေးမယ်။ ပြီးတော့မှ ဘာဆက်လုပ်ရမလဲ ဆိုတာကို ဆုံးဖြတ်မှာပါ။ အသင်းခေါင်းဆောင် တယောက်အနေနဲ့ ကျွန်တော်က ဘာပဲဖြစ်ဖြစ် အသင်းနဲ့အတူ ဆက်ပြီး ရှိနေမှာပါ။ ဘာကြောင့်လဲဆိုတော့ ကျွန်တော် ကစားတဲ့ အချိန်မှာ ကြီးမားတဲ့ တာဝန်တခုကို ယူထားရလို့ပါပဲ” လို့ ပြောကြားခဲ့တာပါ။