ရီးယဲလ်မက်ဒရစ်အသင်းရဲ့ ဘယ်လ်ဂျီယံ တိုက်စစ်ကစားသမားဖြစ်သူ အီဒင်ဟာဇက်ဟာ လာမယ့် ၂၀၂၂ခုနှစ် ဇန်နဝါရီလ ဆောင်းရာသီ အပြောင်းအရွှေ့ စျေးကွက်အတွင်းမှာပဲ ရီးယဲလ်အသင်းကနေ ထွက်ခွာပြီး သူရဲ့ ကလပ်အသင်းဟောင်းဖြစ်တဲ့ လိုင်လီအသင်းဆီကို ပြန်လည် ရောက်ရှိလာနိုင်တယ်လို့ လိုင်လီအသင်း ဥက္ကဋ္ဌက ထုတ်ဖော်ပြောဆိုလာခဲ့ပါတယ်။

Photo Credit : Football London

အသက်(၃၀)အရွယ်ရှိ ဘယ်လ်ဂျီယံလက်ရွေးစင် တိုက်စစ်ကစားသမား ဟာဇက်ဟာ ၂၀၁၉ခုနှစ်ကမှ ချယ်လ်ဆီးကနေ ရီးယဲလ်မက်ဒရစ်အသင်းဆီကို ပေါင်(၈၉)သန်းနဲ့ ပြောင်းရွှေ့လာခဲ့တာ ဖြစ်ပေမယ့်လည်း စပိန်မြေမှာ အကောင်းဆုံးပုံစံတွေ ပြသဖို့ ရုန်းကန်နေရသလို ဒဏ်ရာပြသာနာတွေနဲ့ မကြာခဏ ရင်ဆိုင်နေရတာကြောင့်လည်း အသင်းအတွက် (၅၅)ပွဲသာ ကစားထားနိုင်ပြီး (၅)ဂိုးပဲ သွင်းယူနိုင်ခဲ့တာ ဖြစ်ပါတယ်။ ဒီရာသီမှာပါ (၁၂)ပွဲ ကစားလို့အပြီး သွင်းဂိုးမရသေးတဲ့ ဟာဇက်ကို ရီးယဲလ်ဘက်ကနေ ရောင်းထုတ်သွားချင်နေတာကြောင့် ဟာဇက်ကို သူရဲ့အသင်းဟောင်း လိုင်လီကနေ စောင့်ကြည့်လာတာ ဖြစ်ပါတယ်။

Photo Credit : The Sun

ဟာဇက်က ချယ်လ်ဆီး ရီးယဲလ်အသင်းတွေမှာ မကစားရခင်က လိုင်လီအသင်းမှာ ၂၀၀၇ကနေ ၂၀၁၂ခုနှစ်အထိ ပါဝင်ကစားခဲ့ပြီး လီဂူးဝမ်း ချန်ပီယံဆုကိုလည်း ရယူနိုင်ခဲ့သလို လီဂူးဝမ်းရဲ့ အကောင်းဆုံး လူငယ်ကစားသမားဆုကိုပါ (၂)ရာသီဆက်တိုက်အထိပါ ပိုင်ဆိုင်နိုင်ခဲ့တာ ဖြစ်ပါတယ်။ လက်ရှိ မက်ဒရစ်မှာ ရုန်းကန်နေရတဲ့ သူတို့ရဲ့ ကစားသမားဟောင်း ဟာဇက်ကို လိုင်လီအသင်းဘက်ကနေ အသင်းဆီ ပြန်လည်ခေါ်ဆောင်ဖို့ စိတ်အားထက်သန်နေပြီး ဟာဇက်ကို လိုင်လီဆီ ပြန်ခေါ်ယူဖို့က မဖြစ်နိုင်သော ကိစ္စတစ်ခု မဟုတ်ပဲ လိုအပ်ခဲ့ရင် ဒီအပြောင်းအရွှေ့ ဖြစ်မြောက်လာဖို့အတွက် သူကိုယ်တိုင်ပါ စပိန်ထိ သွားရောက်မယ်လို့ လိုင်လီဥက္ကဌက ပြောဆိုထားခဲ့ပါတယ်။ ဒါပေမယ့် ဟာဇက်ကို လိုင်လီအသင်း အပါအဝင် လာမယ့် ဇန်နဝါရီမှာ ကစားသမားသစ်တွေကို ငွေအင်အား အလုံးအရင်း သုံးစွဲဖို့ ရှိနေတဲ့ နယူးကာဆယ်အသင်းနဲ့ အပြိုင်ကမ်းလှမ်းရနိုင်ပြီး လိုင်လီကိုသာ ရွေးချယ်ခဲ့မယ်ဆိုရင်တော့ ချန်ပီယံလိဂ် (၁၆)သင်းအဆင့် ရှုံးထွက်မှာ သူရဲ့နောက်ထပ် အသင်းဟောင်း ချယ်လ်ဆီးနဲ့ ရင်ဆိုင်ရမှာ ဖြစ်ပါတယ်။