ဘယ်လ်ဂျီယံ နည်းပြ ရော်ဘတ်တို မာတီနက်စ်ကတော့ ဘယ်လ်ဂျီယံ လက်ရွေးစင် နဲ့ ရီးရဲလ် တိုက်စစ်မှူး ဟာဇက်ကို ဒဏ်ရာကနေ ပြန်သက်သာလာတဲ့ အချိန်မှာ ရီးရဲလ်အသင်းအတွက် အကောင်းဆုံး ကစားနိုင်မှာ ဖြစ်ပြီး ဘလွန်းဒီအော်ဆုကို ရရှိနိုင်တယ်လို့လည်း ပြောခဲ့ပါတယ်။ ဘယ်လ်ဂျီယံ တိုက်စစ်မှူး ဟာဇက်ဟာ (၂၀၁၉-၂၀) ခုနှစ်အစမှာတော့ ချဲလ်ဆီးအသင်းကနေ ရီးရဲလ်အသင်းကို ယူူရို သန်း (၁၀၀) နဲ့ ပြောင်းသွားခဲ့ပြီး ရီးရဲလ်အသင်းကို ရောက်ရှိသွားပြီးနောက် ဒဏ်ရာရရှိသွားခဲ့တာကြောင့် ရီးရဲလ် အသင်းအတွက် ပွဲစဉ် အနည်းငယ်သာ ကစားနိုင်ခဲ့ပါတယ်။

Photo Credit: AS

ဟာဇက်ဟာ ပီအက်စ်ဂျီအသင်းနဲ့ ကစားခဲ့တဲ့ ချန်ပီယံလိဂ် ပွဲစဉ်မှာ ခြေချင်းဝတ် ဒဏ်ရာ ရရှိခဲ့ တာကြောင့် လွန်ခဲ့တဲ့ ဖေဖော်ဝါရီလ (၂၂) ရက်ကတည်းက ပွဲထွက် မကစားခဲ့တော့တာ ဖြစ်ပြီး ဒဏ်ရာကြောင့် ရီးရဲလ်အသင်းအတွက် ပြိုင်ပွဲစုံ ပွဲစဉ် (၁၅) ပွဲသာ ကစားထားတာ ဖြစ်ပါတယ်။ ဟာဇက်ဟာ လက်ရှိမှာတော့ လေ့ကျင့်ရေး ပြင်ဆင်းနေပြီ ဖြစ်ပြီး ဘယ်လ်ဂျီယံ လက်ရွေးစင် အသင်းနဲ့ (၂၀၂၀) ခုနှစ်အထိ စာချုပ်သစ် ချုပ်ဆိုထားတဲ့ နည်းပြ မာတီနက်စ်က ဟာဇက်ကို ရီးရဲလ်အသင်းမှာ ဘလွန်းဒီအော်ဆု ရရှိနိုင်ပါတယ်လို့ အခိုင်အမာ ပြောကြားသွားခဲ့ပါတယ်။

Photo Credit: AS

နည်းပြ မာတီနက်စ်က “ဟာဇက်က သံသယရှိစရာ မလိုပါဘူး။ သူဟာ ရီးရဲလ်အသင်းနဲ့ အတူ ဘလွန်းဒီအော်ဆု ရရှိနိုင်ပါတယ်။ တစ်ခါတစ်လေတော့လည်း အသင်းသစ်ကို ကိုယ့်မှာ ရှိသမျှ ပေးဆပ်ဖို့ အချိန် အနည်းငယ် ကြာတတ်တယ်။ ရီးရဲလ်လို အသင်းမှာ ကစားရတာက ဘယ်လို အဓိပ္ပါယ်ရှိသလဲ ဆိုတာ နားလည်ရပါမယ်။ ဟာဇက်က ချဲလ်ဆီးအသင်းမှာ လွဲချော်ခဲ့တဲ့ ပွဲစဉ် မရှိခဲ့ဘဲ လွန်ခဲ့တဲ့ (၈) နှစ်က ချဲလ်ဆီးအသင်းနဲ့ အတူ ပွဲစဉ် (၁၈) ပွဲ ရှုံးနိမ့်ခဲ့တာပဲ ဖြစ်ပါတယ်။ သူ ပီအက်စ်ဂျီအသင်းနဲ့ ကစားခဲ့တဲ့ ပွဲစဉ်မှာ ဒဏ်ရာရခဲ့စဉ်က သူ့ရဲ့ အသင်းဖော်တွေနဲ့ အတူ ကောင်းမွန်တဲ့ အချိတ်အဆက် ရှိတာကို မြင်တွေ့ခဲ့ရတယ်။ ရီးရဲလ်အသင်းရဲ့ ပရိသတ်တွေက သူ့ကို အောင်မြင်မှုတွေ အများကြီး ယူလာပေးမယ်လို့ ယုံကြည်နေကြမှာပါ”လို့ ပြောခဲ့ပါတယ်။