မနေ့ညက ယှဉ်ပြိုင်ကစားသွားခဲ့တဲ့ အာဆင်နယ်အသင်းနဲ့ ဝက်စ်ဟမ်းအသင်းတို့ရဲ့ ပရီးမီးယားလိဂ် ပွဲစဉ်(၂) လန်ဒန်ဒါဘီပွဲစဉ်အတွင်းမှာတော့ အကြိတ်အနယ်ကစားခဲ့ကြပြီး အိမ်ရှင်အာဆင်နယ်က ပွဲပြီးခါနီးလောက်မှာ သွင်းယူခဲ့တဲ့ လူငယ်တိုက်စစ်မှူးလေး အက်ဒီအန်ခီတီယက်ခ်ရဲ့ အဖိုးတန်သွင်းဂိုးနဲ့ နိုင်ပွဲရသွားခဲ့တာကြောင့် ပရီးမီးယားလိဂ်မှာ (၂)ပွဲဆက်တိုက် နိုင်ပွဲဆက်ခဲ့ရပါတယ်။ ထူးခြားတာကတော့ ဒီပွဲမှာ အာဆင်နယ်အတွက် အနိုင်(၃)မှတ် ရရှိစေမယ့် သွင်းဂိုးမှာ ပါဝင်ပတ်သက်ခဲ့တဲ့ အန်ခီတီယက်ခ်နဲ့ စီဘယ်လော့စ်တို့နှစ်ယောက်လုံးက ပြီးခဲ့တဲ့တစ်ပတ်တုန်းကမှ အသင်းရဲ့လေ့ကျင့်ရေးအစီအစဉ်မှာ ရန်ဖြစ်ထားခဲ့ကြသူတွေ ဖြစ်နေခဲ့တာပါပဲ။

Photo Credit : talkSPORT

အင်္ဂလန်ယူ-၂၁အသင်းရဲ့ လက်ရွေးစင်တိုက်စစ်ကစားသမား အန်ခီတီယက်ခ်နဲ့ စပိန်ကွင်းလယ်ကစားသမား ဒန်နီစီဘယ်လော့စ်တို့နှစ်ယောက်ဟာ ဖူလ်ဟမ်နဲ့ အာဆင်နယ်အသင်းတို့ ရင်ဆိုင်ကစားခဲ့ရတဲ့ ပရီးမီးယားလိဂ်ပွဲစဉ်(၁)ရဲ့ ပွဲကြိုလေ့ကျင့်ခန်းအစီအစဉ်အတွင်းမှာ နှစ်ယောက်သားအချင်းများခဲ့ကြပြီး တွန်းထိုးမှုတွေ ဖြစ်ပွားခဲ့ကြပါတယ်။ ဒါပေမယ့် ဒီကစားသမားနှစ်ယောက်လုံးက ရန်ဖြစ်ထားပြီး တစ်ပတ်အကြာမှာပဲ အချင်းချင်း စည်းစည်းလုံးလုံး ပြန်ဖြစ်သွားခဲ့တဲ့အပြင် အသင်းအတွက်ကိုလည်း အရေးပါတဲ့ အနိုင်ဂိုးတစ်ဂိုးကို သူတို့နှစ်ယောက်ရဲ့ အချိတ်အဆက်တွေကနေ သွင်းယူပေးသွားနိုင်ခဲ့ပါတယ်။

Photo Credit : FotMob

အခုလို အသင်းဖော်စီဘယ်လော့စ်နဲ့ ပြန်လည်အဆင်ပြေသွားခဲ့ပုံကို အန်ခီတီယက်ခ်က “ကျွန်တော်တို့နှစ်ယောက် အသင်းအတွက် အတူတကွ ပါဝင်ကစားခွင့်ရခဲ့တယ်။ တုန့်ပြန်မှုတွေလည်း ရှိခဲ့ကြတယ်။ ကျွန်တော်တို့နှစ်ယောက် အတူပူးပေါင်းပြီး အသင်းအတွက် နိုင်ပွဲကို ဖန်တီးခဲ့ကြတယ်။ သူကလည်း အကောင်းဆုံးဂိုးဖန်တီးမှုတစ်ခုကို ပြုလုပ်နိုင်ခဲ့တယ်။ သူရဲ့ဖြတ်တင်ပေးပို့မှုက တကယ့်ကို အံ့မခန်းပါပဲ။ အမြင်စူးရှလွန်းတယ်။ ကျွန်တော်ကလည်း လူကျွံအနေအထားမရောက်အောင် နေတယ်။ ဆိုတော့ ကျွန်တော့်အတွက် ပိတ်သွင်းရတာက အရမ်းလွယ်ကူသွားခဲ့တယ်။ အခုတော့ ကျွန်တော်တို့ရဲ့ကြားမှာ ချစ်ခြင်းမေတ္တာတွေပဲ ရှိနေပါတော့တယ်။ ကျွန်တော် ကစားသမားကောင်းတစ်ယောက်အဖြစ် တိုးတတ်ချင်ပါတယ်။ အသင်းအတွက် လူစားဝင်ပြီး ဂိုးသွင်းနိုင်ခဲ့တာကလည်း အရမ်းကိုကောင်းမွန်တဲ့ စိတ်ခံစားချက်ကို ဖြစ်စေတယ်။ ဝက်စ်ဟမ်းကလည်း အရမ်းကို ခက်ခဲအောင် ကစားပြနိုင်ခဲ့ပါတယ်။ သူတို့တွေက ဒုတိယပိုင်းမှာ ပိုမိုမာကြောလာပြီး ကျွန်တော်တို့အသင်းကို ပိုဒုက္ခပေးနိုင်ခဲ့တယ်” လို့ ရှင်းလင်းပြောဆိုလာခဲ့ပါတယ်။ လူငယ်ကစားမားလေး အန်ခီတီယက်ခ်ရဲ့ ခြေစွမ်းတွေနဲ့ပတ်သက်ပြီးတော့လည်း အာဆင်နယ်နည်းပြ အာတီတာကိုယ်တိုင် ချီးကျူးပြောဆိုသွားခဲ့ပါသေးတယ်။