ပရီးမီးယားလိဂ်ရဲ့ သက်တော်ရှည် အသင်းတွေထဲက တသင်း ဖြစ်တဲ့ နယူးကာဆယ်ရဲ့ နည်းပြဖြစ်သူ အက်ဒီဟောင်းက ယမန်နေ့ညမှာ ယှဉ်ပြိုင် ကစားခဲ့တဲ့ ပရီးမီးယားလိဂ် ပွဲစဉ်(၁၇)မှာ နယူးကာဆယ်က လက်စတာ စီးတီးကို အဝေးကွင်းမှာ ၀-၃ ဆိုတဲ့ ရလဒ်နဲ့ ဂိုးပြတ် အနိုင်ရခဲ့ပြီးနောက် သူတို့အသင်းက လိဂ်ချန်ပီယံဆုကို စိန်ခေါ်နိုင်စွမ်း ရှိနေပြီလို့ ကြွေးကြော်သွားခဲ့ပါတယ်။

နယူးကာဆယ်က ပရီးမီးယားလိဂ် ပွဲစဉ်(၁၇) အဖြစ် ကစားရခက်တဲ့ လက်စတာ စီးတီးကို အဝေးကွင်းမှာ သွားရောက် ရင်ဆိုင် ကစားခဲ့ရပြီး အဆိုပါပွဲမှာ နှစ်သင်းစလုံးက အဓိက ကစားသမား အစုံအလင်ကို ထည့်သွင်း အသုံးပြုခဲ့ပေမယ့် ဧည့်သည် နယူးကာဆယ်က အိမ်ရှင် လက်စတာ စီးတီးထက် သိသိသာသာ ပိုကောင်းခဲ့ပါတယ်။

Photo Credit: Daily Mail

နယူးကာဆယ်က လက်စတာ စီးတီးထက် စိတ်ဓာတ်ပိုင်းရော ၊ ကစားပုံပါ ပိုကောင်းခဲ့ပြီး ပထမပိုင်း ပွဲကစားချိန် အတွင်းမှာပဲ အနိုင်ဂိုး ၃ဂိုးစလုံးကို သွင်းယူနိုင်ခဲ့ကာ နယူးကာဆယ် အတွက် အနိုင်ဂိုးတွေကိုတော့ ပွဲချိန် ၃မိနစ်မှာ ဝုဒ် ၊ ပွဲချိန် ၇မိနစ်မှာ အယ်မီရွန်နဲ့ ပွဲချိန် ၃၂မိနစ်မှာ ဂျိုလင်တန်တို့က အသီးသီး သွင်းယူပေးသွားခဲ့တာပဲ ဖြစ်ပါတယ်။

လက်စတာ စီးတီး ၀-၃ နယူးကာဆယ် ပွဲအပြီးမှာတော့ နယူးကာဆယ်နည်းပြ အက်ဒီဟောင်းက သူတို့အသင်းဟာ ပရီးမီးယားလိဂ် ချန်ပီယံဆုကို စိန်ခေါ်နိုင်စွမ်း ရှိနေပြီ ဖြစ်ကာ ပရိသတ်တွေအနေနဲ့ ပရီးမီးယားလိဂ် ချန်ပီယံအိမ်မက်ကို စတင် မက်နိုင်ပြီလို့ ကြွေးကြော်သွားခဲ့ပါတယ်။

Photo Credit: Daily Mail

အက်ဒီဟောင်းက – “ကျွန်တော်တို့က ဘာမဆို လုပ်ဆောင်နိုင်စွမ်း ရှိတဲ့ အသင်းပါ။ ဘောလုံးရာသီက အခုမှ အစပဲ ရှိသေးသလို ကျွန်တော်တို့အတွက် အခွင့်အလမ်းတွေ အများကြီးလည်း ကျန်နေပါသေးတယ်။ ကျွန်တော်ကတော့ ပရိသတ်တွေကို ကျွန်တော်တို့ လုပ်ဆောင်နိုင်စွမ်း ရှိတဲ့ အရာတွေ အတွက် စိတ်ကူးယဉ် အိမ်မက်တွေ စမက်နိုင်ပြီလို့ အသိပေးချင်ပါတယ်။ ကျွန်တော်တို့က နိုင်ပွဲဆက်နေလို့ စိတ်ဓာတ်ပိုင်း အပြောင်းအလဲ ဖြစ်သွားမှာတော့ မဟုတ်ပါဘူး။ ဒါပေမယ့် ပရိသတ်တွေက သူတို့ ဖြစ်ချင်တဲ့ အရာတွေ (ပရီးမီးယားလိဂ် ချန်ပီယံဆုအား ရရှိမှု) အတွက် အိမ်မက်တွေ စမက်နိုင်ပါပြီ။ ကျွန်တော်တို့က ကိုယ်ရယူနိုင်တဲ့ အရာတွေ အတွက် အားသွန်ခွန်စိုက် ကြိုးစားဖို့ပဲ လိုပါတော့တယ်” လို့ ပြောကြားသွားခဲ့တာပဲ ဖြစ်ပါတယ်။