မကြာသေးမီကမှ အသင်းပိုင်ရှင် အပြောင်းအလဲ ဖြစ်ပေါ်ထားသလို အသင်းကို ယခင်ကလို ထိပ်တန်းအသင်း တသင်း ဖြစ်လာအောင် ပြုပြင် ပြောင်းလဲဖို့ ရည်မှန်းချက် ရှိနေတဲ့ နယူးကာဆယ်အသင်းဟာ အသင်းရဲ့ နည်းပြသစ် အဖြစ် ဘုန်းမောက်အသင်းရဲ့ နည်းပြဟောင်း အက်ဒီဟောင်းကို ခန့်အပ်ဖို့ သဘောတူညီမှု ရရှိခဲ့ကြောင်း ဗြိတိန် အခြေစိုက် သတင်းဌာနတွေက အခိုင်အမာ ဖော်ပြသွားခဲ့ပါတယ်။

ဆော်ဒီ တော်ဝင်မိသားစုရဲ့ ကျောထောက်နောက်ခံ အဖွဲ့အစည်း တခု ဖြစ်တဲ့ ဆော်ဒီအာရေဗျ ပြည်သူပိုင် ရင်းနှီးမြှုပ်နှံမှု အဖွဲ့အစည်းဟာ နယူးကာဆယ်အသင်းကို ဝယ်ယူပြီးနောက် မန်ချက်စတာ စီးတီး ၊ ပီအက်စ်ဂျီ စတဲ့ အသင်းတွေလိုမျိုး အသင်းကို ထိပ်တန်းအသင်း တသင်း ဖြစ်လာအောင် ပြုပြင် ပြောင်းလဲဖို့ ဆုံးဖြတ်ထားတာကြောင့် နည်းပြ စတိဗ်ဘရုစ်ကို ရာထူးကနေ ထုတ်ပယ်ကာ ထိပ်တန်း နည်းပြတဦးကို ခန့်အပ်ဖို့ ကြိုးစားနေတာလည်း ဖြစ်ပါတယ်။

Photo Credit: Sky Sports

ကနဦးမှာ နယူးကာဆယ်အသင်းဟာ ကွန်တီ ၊ ဇီဒန်း ၊ အမ်မရီ ၊ ဖွန်ဆီကာ ၊ ဘရန်ဒန် ရော်ဂျာ စတဲ့ နည်းပြတွေကို ခန့်အပ်ဖို့ ကြိုးစားခဲ့ပေမယ့် အဆိုပါ နည်းပြတွေ အားလုံးက နယူးကာဆယ်အသင်းကို ကိုင်တွယ်ဖို့ ငြင်းဆန်ခဲ့တာကြောင့် ဘုန်းမောက်အသင်းကို အောက်တန်းလိဂ် ကနေ ပရီးမီးယားလိဂ် အထိ ရောက်ရှိအောင် ဦးဆောင်နိုင်ခဲ့သလို ထိပ်တန်းနည်းပြ တဦး ဖြစ်လာနိုင်သူ လို့ သတ်မှတ်ခံထားရတဲ့ အင်္ဂလန်လူမျိုး နည်းပြ အက်ဒီဟောင်းကိုပဲ နည်းပြသစ် အဖြစ် ခန့်အပ်ဖို့ ကမ်းလှမ်းခဲ့ပါတယ်။

ဘုန်းမောက်အသင်းနဲ့ လမ်းခွဲပြီးနောက် ထိပ်တန်း အသင်းကြီး တသင်းကို ကိုင်တွယ်ဖို့ ဆန္ဒရှိနေတဲ့ အက်ဒီဟောင်းကလည်း စိတ်လှုပ်ရှားစရာ စီမံကိန်းတွေ ပြည့်နှက်နေတဲ့ နယူးကာဆယ်အသင်းရဲ့ ကမ်းလှမ်းမှုကို ရရှိချိန်မှာတော့ ချက်ချင်းဆိုသလိုပဲ လက်ခံခဲ့ပြီး သူဟာ နယူးကာဆယ်အသင်းကို ထိပ်တန်းအသင်း တသင်း ဖြစ်လာအောင် ပြုလုပ်ပေးနိုင်မယ်လို့ ယုံကြည်ချက် အပြည့် ရှိထားကြောင်း နယူးကာဆယ်အသင်းနဲ့ နီးစပ်သူတွေက ဆိုပါတယ်။

Photo Credit: Sky Sports

နာမည်ကြီး သတင်းဌာန တခု ဖြစ်တဲ့ Sky Sports သတင်းဌာနရဲ့ ဖော်ပြချက်အရ နယူးကာဆယ်အသင်းဟာ အက်ဒီဟောင်းကို ၂နှစ်ခွဲ သက်တမ်း ရှိတဲ့ စာချုပ်တရပ် ချုပ်ဆိုဖို့ ရှိနေပြီး အက်ဒီဟောင်းရဲ့ စွမ်းဆောင်ရည် အပေါ် မူတည်ကာ စာချုပ်သစ် ထပ်မံ ချုပ်ဆိုဖို့ စီစဉ်ထားသလို အက်ဒီဟောင်း အတွက် ပြောင်းရွှေ့ကြေး ပေါင် ၁၅၀သန်း အထိ ထုတ်ပေးဖို့လည်း ပြင်ဆင်ထားကြောင်း သိရပါတယ်။