ပရီးမီးယားလိဂ်ရဲ့ နာမည်ကြီးအသင်း တသင်း ဖြစ်တဲ့ နယူးကာဆယ်က နောက်ဆုံး ကစားခဲ့တဲ့ ပြိုင်ပွဲစုံ ၇ပွဲမှာ ၆ပွဲ အထိ ရှုံးနိမ့်ခဲ့ပြီးနောက် နယူးကာဆယ်ရဲ့ ပရိသတ်တချို့က နည်းပြချုပ် အက်ဒီဟောင်းကို ရာထူးကနေ ထုတ်ပယ်ဖို့ စတင် တောင်းဆိုလာကြကြောင်း သိရပါတယ်။

နယူးကာဆယ်က ဆော်ဒီတော်ဝင်မိသားစုရဲ့ ဝယ်ယူခြင်းကို ခံခဲ့ရပြီးနောက် “အရှင်မွေးရင် နေ့ချင်းကြီး” ဆိုတဲ့ စကားပုံအတိုင်း ထိပ်တန်း ကစားသမားတွေကို ခေါ်ယူ အားဖြည့်ကာ နေ့ချင်းညချင်း ပရီးမီးယားလိဂ်ရဲ့ အင်အားကြီးအသင်း စာရင်းထဲ ပါဝင်လာသလို ပြီးခဲ့တဲ့ရာသီမှာလည်း ချန်ပီယံလိဂ်ဝင်ခွင့်ကို အမိအရ ဆုပ်ကိုင်နိုင်ခဲ့ပါတယ်။

Photo Credit: Chronicle Live

ပြီးခဲ့တဲ့ရာသီမှာ ချန်ပီယံလိဂ်ဝင်ခွင့် ရခဲ့တာကြောင့် ဒီရာသီမှာလည်း နယူးကာဆယ်က ချန်ပီယံလိဂ်ဝင်ခွင့် ရနိုင်တယ် ဆိုတဲ့ သုံးသပ်ချက်တွေ ရှိခဲ့ပေမယ့် ချန်ပီယံလိဂ်ပြိုင်ပွဲမှာ ဝင်ရောက် ယှဉ်ပြိုင်ခဲ့ရမှုကြောင့် ပွဲဆက်များမှုနဲ့ ပွဲပန်းမှုဒဏ်ကို ငှက်ကျားတို့ အလူးအလဲ ခံစားခဲ့ရပြီး လက်ရှိမှာတော့ ရလဒ်တွေ တောက်လျှောက် ဆိုးဝါးနေပါတယ်။

ယမန်နေ့ညမှာလည်း နယူးကာဆယ်က ပရီးမီးယားလိဂ် ပွဲစဉ်(၁၉) အဖြစ် နော်တင်ဟမ် ဖောရက်စ်ကို အိမ်ကွင်း စိန့်ဂျိမ်းစ်ပါ့တ်မှာ ဧည့်ခံ ကစားခဲ့ရာ အဖွင့်ဂိုး သွင်းယူနိုင်ခဲ့ပေမယ့် သွင်းဂိုး ၃ဂိုး အထိ ပြန်လည် ခွင့်ပြုပေးခဲ့ရတာကြောင့် ၁-၃ ဆိုတဲ့ ရလဒ်နဲ့ အရှက်တကွဲ ရှုံးနိမ့်ခဲ့ရပါတယ်။

Photo Credit: Live Score

နော်တင်ဟမ် ဖောရက်စ်ကို ရှုံးနိမ့်ခဲ့တာကြောင့် နယူးကာဆယ်ဟာ နောက်ဆုံး ကစားခဲ့တဲ့ ပြိုင်ပွဲစုံ ၇ပွဲမှာ ၆ပွဲ ရှုံးနိမ့်ခဲ့တဲ့ မှတ်တမ်းဆိုး တခုကို ပိုင်ဆိုင်သွားခဲ့သလို နယူးကာဆယ်ရဲ့ ပရိသတ် တချို့ကလည်း ရလဒ်ဆိုးတွေ အတွက် နည်းပြချုပ် အက်ဒီဟောင်းကို ပြစ်တင် ဝေဖန်နေကြကာ နည်းပြအပြောင်းအလဲ လုပ်ဖို့ စတင် တောင်းဆိုနေကြပါတယ်။

ဖိအားတွေနဲ့ ရင်ဆိုင်နေရတဲ့ အက်ဒီဟောင်းကတော့ သူတို့အသင်း အခုလို ရလဒ်ဆိုးတွေနဲ့ ကြုံနေရတာဟာ ဒဏ်ရာရ ကစားသမား များပြားနေမှုကြောင့် ဖြစ်ကြောင်းနဲ့ ရလဒ်ကောင်းတွေ ပြန်ရဖို့ အစွမ်းကုန် ကြိုးစားမယ်လို့ ဆိုလာပါတယ်။ အက်ဒီဟောင်းက – “ကျွန်တော်တို့က ခက်ခဲ ကျပ်တည်းတဲ့ ခရီးကြမ်း တခုကို ဖြတ်သန်းနေရတာပါ။ ကျွန်တော်က ပရိသတ်တွေရဲ့ တုံ့ပြန်မှုတွေကို (သူ့ကို ဝေဖန်နေမှုများအား ရည်ရွယ်လျက်) လေးစားသလို နားလည်ပေးနိုင်ပါတယ်။ ဒါပေမယ့် ကျွန်တော်တို့ရဲ့ ပရိသတ် အများစုက အဆင်ပြေကြပါတယ်။ ကျွန်တော်တို့မှာ ဒဏ်ရာရ ကစားသမားတွေ အများကြီး ရှိနေပါတယ်။ အဲ့ဒီကိစ္စက ကျွန်တော်တို့ကို အခက်တွေ့စေတဲ့ ကိစ္စတခုပါ” လို့ ထုတ်ဖော် ပြောကြားသွားခဲ့တာပါ။