နယူးကာဆယ် အသင်းနည်းပြ အက်ဒီဟောင်းက သူတို့အသင်းအနေနဲ့ ချန်ပီယံလိဂ် အုပ်စုအဖွင့်ပွဲစဉ်မှာ အိမ်ရှင် အေစီမီလန်အသင်းကို ကံကောင်းထောက်မပြီး သရေကျခဲ့တာ မဟုတ်ကြောင်း ငြင်းချက်ထုတ် ပြောဆိုလာခဲ့ပါတယ်။

ချန်ပီယံလိဂ်မှ တစ်ကြိမ်တစ်ခါမှ ဆုံတွေ့ဖူးခဲ့ခြင်း မရှိသေးတဲ့ အေစီမီလန် နဲ့ နယူးကာဆယ်အသင်းတို့ဟာ မီလန်ရဲ့ ဆန်စီရိုကွင်းမှာ ရင်ဆိုင်ကြရင်း မီလန်က နိုင်ပွဲရနိုင်လောက်တဲ့ အခြေအနေမျိုး ရှိခဲ့ပေမယ့်လည်း နယူးကာဆယ် ခံစစ်နဲ့ ဂိုးသမား နစ်ပုတ်တို့ လက်စွမ်းပြခဲ့တာကြောင့် ဂိုးမရှိ သရေနဲ့ အဆုံးသတ်ခဲ့ရပါတယ်။

Photo Credit : Sky Sports

အေစီမီလန် နဲ့ နယူးကာဆယ်တို့ဟာ ပီအက်စ်ဂျီ ဒေါ့မွန်တို့နဲ့ တစ်အုပ်စုတည်း ကျရောက်နေပြီး ဒီလို အုပ်စုကျပ်ထဲ ရောက်နေချိန် အုပ်စုကနေ နောက်တစ်ဆင့် တက်လှမ်းဖို့ အနိုင်ရလဒ်တွေ ယူဆောင်နိုင်မှသာ အခြေအနေကောင်းမှ ဖြစ်တာမို့ မီလန်အနေနဲ့ ဒီသရေရလဒ်က နစ်နာစရာ ဖြစ်ခဲ့ရပါတယ်။

“ဒီသရေရလဒ်က ကျွန်တော်တို့အတွက် ကံကောင်းခဲ့တာ မဟုတ်ပါဘူး။ ကျွန်တော်တို့ ဘောလုံး ကစားပုံနဲ့ ပတ်သက်ပြီး အနည်းငယ် စိတ်ပျက်ခဲ့ရပါတယ်။ ဒါပေမယ့် ကျွန်တော်တို့ရဲ့ ခံစစ် ကစားပုံနဲ့ သူတို့ရဲ့ ဂိုးကန်ချက်တွေကို ဟန့်တားခဲ့ပုံတွေက ချီးကျူးစရာကောင်းတယ်လို့ ကျွန်တော် ထင်ပါတယ်။”

Photo Credit : The Independent

“ကျွန်တော်တို့ရဲ့ ရည်မှန်းချက်က ပြိုင်ဘက်အသင်းရဲ့ တိုက်စစ်ကို ကြံကြံခိုင်ဖို့ စိတ်ပိုင်းဖြတ်ထားတာပါ။ ကျွန်တော်တို့ ဂိုးသမားက တကယ်ကို လက်စွမ်းပြသွားတယ် ဆိုပေမယ့် ပြင်းထန်လွန်းတဲ့ အိမ်ကွင်း ပရိသတ်တွေရဲ့ အားပေးမှုထဲမှာ ကျွန်တော်တို့ ခံစစ်ပိုင်း ခံစစ်အရည်အသွေးကောင်းတွေ ပြသနိုင်ခဲ့တယ်။ ဒီကွင်းကြီးထဲမှာ ဒီအသင်းဆီကနေ ရမှတ်ရယူဖို့ဆိုတာ မလွယ်ပါဘူး။ ဒါကြောင့်မို့ ဒီသရေရလဒ်ကို ခင်ဗျားတို့ လျှော့တွက်လို့ မရနိုင်ပါဘူး။” လို့ နည်းပြ အက်ဒီဟောင်းက ရှင်းလင်း ပြောဆိုသွားခဲ့ပါတယ်။

လာမယ့် အုပ်စုပွဲစဉ် (၂)မှာတော့ အေစီမီလန်အသင်းက ဒေါ့မွန်အသင်းရဲ့ အိမ်ကွင်းမှာ သွားရောက် ယှဉ်ပြိုင်ရမှာဖြစ်ပြီး နယူးကာဆယ်ကတော့ သူတို့ရဲ့ စိန့်ဂျိမ်းစ်ပတ်ခ်ကွင်းမှာ အုပ်စုတွင်း အင်အားအကောင်းဆုံး ကလပ်အသင်းဖြစ်တဲ့ ပီအက်စ်ဂျီနဲ့ ရင်ဆိုင်သွားရမှာပဲ ဖြစ်ပါတယ်။