ပရီးမီးယားလိဂ်ရဲ့ နာမည်ကျော်အသင်း ဖြစ်တဲ့ မန်ယူအသင်းရဲ့ ဒုတိယဥက္ကဌလည်းဖြစ် ၊ အသင်းရဲ့ စီးပွားရေးအပိုင်းမှာသာမက ကစားသမား ခေါ်ယူမှုအပိုင်းတွေကိုပါ ထိန်းချူပ်ထားတဲ့ အက်ဝုဒ်ဝက်ကတော့ လာမယ့် နွေရာသီ အပြောင်းအရွှေ့မှာ သူတို့အသင်းဟာ နည်းပြ ဆိုးလ်ရှားလိုချင်တဲ့ ကစားသမားတွေကို​ ခေါ်ယူပေးသွားမယ်လို့ ရှင်းလင်းပြောဆို သွားပါတယ်။ မန်ယူအသင်းရဲ့ ကစားသမားဟောင်း တစ်ဦးဖြစ်တဲ့ ဆိုးလ်ရှားဟာ နည်းပြတစ်ဦး အနေနဲ့ မန်ယူအသင်းကို ကိုင်တွယ်နေတာဟာ တစ်နှစ်ကျော်သွားပြီ ဖြစ်ကာ သူ့ရဲ့လက်ထက် မှာ မန်ယူအသင်းဟာ ရလဒ်ပိုင်း မတည်ငြိမ်မှုတွေ ရှိခဲ့ပေမယ့် သူခေါ်ယူထားတဲ့ ကစားသမားတွေဖြစ်တဲ့ ဘစ်စကာ ၊ မက်ဂွိုင်းယား ၊ ဘရူနို ဖာနန်ဒက် ၊ ဒန်နီရယ်ဂျိမ်းနဲ့ အီဂါလိုတို့ဟာ လက်ရှိမှာ အသင်းရဲ့ ထောက်တိုင်ကစားသမားတွေ ဖြစ်နေပါတယ်။

Photo Credit: Metro.com

ဒါ့ကြောင့်လည်း မန်ယူအသင်းရဲ့ အကြီးအကဲတွေဟာ အပြောင်းအရွှေ့ကိစ္စတွေမှာ ဆိုးလ်ရှား ရဲ့ မှန်ကန်တဲ့ အမြင်တွေကို သဘောကျနေပြီး လာမယ့် အပြောင်းအရွှေ့ရာသီမှာ ဆိုးလ်ရှား လိုချင်တဲ့ ကစားသမားတွေကို ခေါ်ယူပေးနိုင်ဖို့ အတတ်နိုင်ဆုံး ကြိုးစားသွားဖို့ ရှိနေတယ်လို့ သိရပါတယ်။ လက်ရှိ ထွက်ပေါ်နေတဲ့ သတင်းတွေအရတော့ မန်ယူအသင်းဟာ ဒေါ့မွန် အသင်းရဲ့ လူငယ် တောင်ပံကစားသမား ဆန်ချို နဲ့ အက်စ်တွန်ဗီလာအသင်းရဲ့ ကွင်းလယ်လူ ဂျက် ဂရီးလစ်တို့ကို ခေါ်ယူသွားမယ်လို့ သိထားရပြီး ယခင်က မန်ယူအသင်းရဲ့ ပစ်မှတ် ကစားသမားတစ်ဦးဖြစ်တဲ့ မက်ဒီဆန်ကတော့ လက်စတာအသင်းမှာပ​ဲ ပျော်ရွှင်နေတယ်လို့ ဖွင့်ဟ ထားတာကြောင့် မန်ယူအသင်းနဲ့ မက်ဒီဆန်တို့ရဲ့ အပြောင်းအရွှေ့ကတော့ ဖြစ်မြောက်နိုင်ဖွယ် မရှိပါဘူး။

Photo Credit: Metro.com

နောက်ဆုံး ပြုလုပ်ထားတဲ့ အင်တာဗျူးတစ်ခု မှာတော့ အက်ဝုဒ်ဝက်က သူတို့အသင်းအနေနဲ့ နည်းပြဆိုးလ်ရှားကို အပြည့်အဝ ထောက်ခံထားပြီး ဆိုးလ်ရှားလိုချင်တဲ့ ကစားသမားတွေကို ခေါ်ယူပေးမယ်လို့ ကတိပေးသွားပါတယ်။ အက်ဝုဒ်ဝက်က “အသင်းကိုအမြဲတမ်း အင်အား ဖြည့်တင်းဖို့ ကြိုးစားတာက ကျွန်တော်တို့ရဲ့ ပထမဦးစားပေး အရာပါ။ အခုချိန်မှာတော့ နည်းပြဆိုးလ်ရှားကို ယုံကြည်မှုအပြည့် ပေးထားပါတယ်။ သူခေါ်ယူချင်တဲ့ ကစားသမားတွေ ကို ကျွန်တော်တို့ ခေါ်ယူပေးသွားမှာပါ။ ဆိုးလ်ရှားက ကျွန်တော်တို့ကို ထိပ်ဆုံးနေရာဆီ ပြန်ခေါ်ယူ ပေးသွားမယ်ဆိုတာကို ယုံကြည်မှု အပြည့် ရှိပါတယ်။ ဒါပေမယ့် အခုချိန်မှာ ကပ်ဆိုးကြီး ဖြစ်နေပါတယ်။ ဒါ့ကြောင့် အနည်းနဲ့အများတော့ အရင်လို အခြေအနေကို ပြန်ပြီး ရောက်အောင် စောင့်ဆိုင်းရဦးမှာပါ။ ဒါပေမယ့် ကျွန်တော်တို့ဟာ အပြောင်းအရွှေ့စျေးကွက်ထဲ မှာ ထိပ်ဆုံးနေရာကနေ ပြိုင်ဆိုင်သွားမှာပါ ” လို့ ဆိုသွားခဲ့တာပါ။