မန်ချက်စတာ ယူနိုက်တက် အသင်း အနေနဲ့ ဒီရာသီမှာ ရလဒ်ပိုင်း မတည်မငြိမ်မှုတွေနဲ့ ပတ်သက်ပြီး နည်းပြ ဖြစ်သူ အိုလီဂန်းနား ဆိုးရှားလ်ရဲ့ အနာဂါတ် နဲ့ ပတ်သက်ပြီး မေးခွန်းထုတ်တာတွေ ရှိလာခဲ့ပါတယ်။ ပရိသတ် အတော်များများနဲ့ ဘောလုံးသတင်းဌာန တွေက ဆိုးလ်ရှားအနေနဲ့ ထိုရလဒ်ဆိုးတွေကြောင့် အသင်းကနေ ထုတ်ပယ်ခံရနိုင်တယ်‌ ဆိုပြီး ထင်ခဲ့ကြပါတယ်။ ဒါပေမယ့်လည်း အဆိုပါ အခြေအနေနဲ့ ပတ်သက်ပြီးတော့ မန်ချက်စတာယူနိုက်တက် အလုပ်အမှုဆောင် ဒုတိယ ဥက္ကဌ ဖြစ်သူ အက်ဒ် ဝုဒ်ဝတ်ဒ် ကတော့ သူ့အနေနဲ့ ဆိုးရှားလ်ကို အပြည့်အဝ ထောက်ခံထားကြောင်းနဲ့ မန်ချက်စတာ ယူနိုက်တက် ရဲ့ ရေရှည်အစီအစဉ်ဟာ ဆိုးရှားလ်နဲ့ပဲ ဖြစ်ကြောင်း ပြောဆိုခဲ့ပါတယ်။

Photo Credit: Goal

ဆိုးရှားလ် အနေနဲ့ မန်ယူ အသင်းနည်းပြ ဖြစ်လာခဲ့တာ ၂ နှစ်နီးပါးကို ချဉ်းကပ်လာခဲ့ပေမယ့်လည်း အသင်းရဲ့ အဆင့် နဲ့ ပတ်သက်ပြီးတော့ မကြာခင်က မေးခွန်းထုတ်ခြင်းကို ခံခဲ့ရပါတယ်။ ပြီးခဲ့တဲ့လက အာဆင်နယ် အသင်း နဲ့ အစ်စတန်ဘူးလ် အသင်းတို့ကို ရှုံးနိမ့်ခဲ့ပြီးတဲ့ နောက်မှာတော့ ဆိုးရှားလ် အနေနဲ့ အစစ်ဆေးခံခဲ့ရပေမယ့် ဝုဒ်ဝတ်ဒ် ကတော့ အသင်းရဲ့ တိုက်စစ်ကစားသမားဟောင်း အပေါ်ကို အပြည့်အဝ ယုံကြည်သေးကြောင်း ဖော်ပြ ပြောဆိုခဲ့ပါတယ်။ ယူနိုက်တက် အသင်း အနေနဲ့ ဒီရာသီ ပရီးမီးယားလိဂ် အမှတ်ပေးဇယား မှာ အဆင့် ၉ နေရာကို ရောက်ရှိနေခဲ့သလို ချန်ပီယံလိဂ်ပြိုင်ပွဲမှာလည်း အုပ်စုအဆင့်ကနေ နောက်တစ်ဆင့်ကို တက်လှမ်းဖို့က မသေချာသေးတဲ့ အခြေအနေမှာ ရှိပြီးတော့ နောက်တစ်ဆင့်တက်ရေး အတွက် နောက်ဆုံးကစားမယ့် ချန်ပီယံလိဂ်အုပ်စု ပွဲစဉ်မှာ လိုက်ပ်ဇစ် အသင်းကို အနိုင်မရရင်တောင် သရေတစ်မှတ် ရရှိအောင် ကစားဖို့ လိုအပ်နေတာ ဖြစ်ပါတယ်။

Photo Credit: Goal

ဝုဒ်ဝတ်ဒ် ကတော့ မန်ယူအသင်းအနေနဲ့ ဆိုးရှားလ် အပေါ်မှာ လုပ်ဆောင်နေတဲ့ အစီစဉ်တွေ နဲ့ ပတ်သက်ပြီး ကျေနပ်ပေမယ့်လည်း အသင်း အနေနဲ့ ဒီ့ထက် တိုးတက်ဖို့ လိုအပ် နေသေးတယ်လို့ ပြောကြားခဲ့ပါတယ်။ “ မြက်ခင်းပြင်ပေါ်မှာ ဘာဖြစ်တယ်ဆိုတာကပဲ ကျွန်တော်တို့ ရဲ့ ပထမ ဦးစားပေးပါ။ ကွင်းထဲမှာ ပရိသတ်တွေ မပါဝင်ပဲ ကစားရတာကလည်း အခြေအနေမတူပါဘူး။ ဧပြီလ က နောက်ဆုံး ပြုလုပ်ခဲ့တဲ့ တွေ့ဆုံပွဲမှာလည်း အသင်းရဲ့ အကောင်းဆုံး ပုံစံကို မြင်တွေ့ခဲ့ကြပြီးပါပြီ။ ပြီးခဲ့တဲ့ ရာသီက ကျွန်တော်တို့ နောက်ဆုံး ၁၄ ပွဲဆက် မရှုံးနိမ့်ပဲနဲ့ ပရီးမီးယားလိဂ် အဆင့် ၃ နေရာကို အရယူနိုင်ခဲ့သလို ဒီရာသီ ချန်ပီယံလိဂ်ပြိုင်ပွဲမှာလည်း ပီအက်စ်ဂျီ နဲ့ လိုက်ပ်ဇစ် လိုအသင်းမျိုးကို အနိုင်ရခဲ့တာပဲလေ။ ဒါပေါ့။ ကျွန်တော်တို့ ဒီထက် ပိုကြိုးစားဖို့ လိုနေသေးပြီး ဆုဖလားတွေ ရယူဖို့ လိုအပ် နေသေးတယ် ဆိုတာကို သိရပါမယ်။ ဒါပေမယ့် အသင်းအနေနဲ့ ကောင်းတဲ့ လက္ခဏာတွေ မြင်တွေ့နေရပါပြီ။ အိုလီရဲ့ အစီအစဉ်တွေ က သူ့ရဲ့ နည်းပြ အဖွဲ့နဲ့ ကစားသမားတွေကို ယုံကြည်ချက် မြင့်မားလာအောင် အားအင်တွေ ဖြစ်စေပါတယ် ” လို့ ပြောဆိုခဲ့ပါတယ်။