ပရီးမီးယားလိဂ် အင်အားကြီး အသင်းဖြစ်တဲ့ မန်ယူအသင်းရဲ့ ဒုတိယ ဥက္ကဌလည်းဖြစ် အသင်းကိစ္စ အဝဝကို စီမံခန့်ခွဲရသူလည်း ဖြစ်တဲ့ အက်ဝုဒ်ဝက် ကတော့ စီးရီးအေကလပ် အေစီမီလန်အသင်းနဲ့ စာချုပ်သက်တမ်း ကုန်ဆုံးတော့မယ့် တူရကီ ကွင်းလယ်လူ ကယ်ဟာနိုဂလူးကို အလွတ် ပြောင်းရွှေ့ကြေးနဲ့ အသင်းထံ ခေါ်ယူဖို့ စီစဉ်နေကြောင်း အင်္ဂလန်နိုင်ငံ အခြေစိုက် သတင်းဌာနတွေက ဖော်ပြ သွားကြပါတယ်။ အသက် ၂၆နှစ် အရွယ်သာ ရှိသေးတဲ့ ကယ်ဟာနိုဂလူးဟာ လက်ရှိ ဘောလုံးရာသီ အကုန်မှာ အေစီမီလန် အသင်းနဲ့ စာချုပ်သက်တမ်း ကုန်ဆုံးတော့မယ့် ကစားသမား ဖြစ်ပြီး သူသာ အေစီမီလန် အသင်းနဲ့ စာချုပ်သစ် မချုပ်ဆိုခဲ့ပါက လာမယ့် ဇန်နဝါရီလ ရောက်ရှိရင် အခြားအသင်းတွေထံ ပြောင်းရွှေ့ဖို့ အကြို သဘောတူညီမှုစာချုပ် ချုပ်ဆိုနိုင်မယ့် ကစားသမားပဲ ဖြစ်ပါတယ်။

Photo Credit: Sport Witness

ကယ်ဟာနိုဂလူးဟာ လက်ရှိ အေစီမီလန် အသင်းရဲ့ အဓိက ကစားသမား တစ်ဦးအဖြစ် ကစားနေရသူ ဖြစ်ပေမယ့် အသင်းဘက်က စာချုပ်သစ် ချုပ်ဆိုဖို့ ကမ်းလှမ်းမှုတွေကို ငြင်းပယ်ထားပြီး ရာသီကုန်မှာ အသင်းကနေ ထွက်ခွာတော့မယ့် ကစားသမား အဖြစ် ရေပန်းစား နေပါတယ်။ လက်ရှိမှာ ကယ်ဟာနိုဂလူး ကို ခေါ်ယူချင်နေတဲ့ အသင်းတွေဟာ အများအပြား ရှိနေပေမယ့် အက်ဝုဒ်ဝက်ဟာ အခြားအသင်းတွေကို လက်ဦးမှု ရယူကာ ကယ်ဟာနိုဂလူးကို ခေါ်ယူဖို့ လုပ်ဆောင်တော့မှာ ဖြစ်ကြောင်း အီတလီ အခြေစိုက် သတင်းဌာန တချို့က ဖော်ပြ ထားကြပါတယ်။ အီတလီ အခြေစိုက် နာမည်ကြီး သတင်းဌာန တစ်ခုဖြစ်တဲ့ Gazzetta dello Sport သတင်းဌာနရဲ့ အဆိုအရတော့ မန်ယူအသင်းဟာ ကယ်ဟာနိုဂလူး လိုချင်နေတဲ့ လုပ်ခလစာကို ပေးချေဖို့ အသင့်ရှိနေသလို ကယ်ဟာနိုဂလူးကို ၅နှစ် သက်တမ်းရှိတဲ့ စာချုပ်တစ်ရပ် ချုပ်ဆို သွားမှာ ဖြစ်ကြောင်း သိရပါတယ်။

Photo Credit: Sport Witness

ထွက်ပေါ်လာတဲ့ သတင်းတွေ အရတော့ အေစီမီလန် အသင်းဟာ ကယ်ဟာနိုဂလူးကို စာချုပ်သစ် ချုပ်ဆိုနိုင်ဖို့ အပြင်းအထန် ကြိုးစားနေပေမယ့် သူတို့အသင်းဟာ ကယ်ဟာနိုဂလူးကို တစ်နှစ်လုပ်ခ ယူရို ၃သန်း ဝန်းကျင်သာ ပေးချင်တာကြောင့် ဆွေးနွေးမှုတွေ အဆင်မပြေ ဖြစ်နေပြီး ကယ်ဟာနိုဂလူးဟာ ရာသီကုန်မှာ အသင်းကို စွန့်ခွာဖို့ နီးစပ်နေကြောင်း သိထားရပါတယ်။ တစ်ဖက်မှာတော့ မန်ယူအသင်းဟာ လာမယ့် အပြောင်းအရွှေ့ ဈေးကွက်တွေ အတွင်းမှာ အသင်းရဲ့ ကွင်းလယ် ကစားသမားတွေ ဖြစ်တဲ့ လင်ဂတ် ၊ မာတာ ၊ မာတစ်တို့ကို လက်လွှတ်ဖွယ် ရှိတာကြောင့် မန်ယူအသင်းရဲ့ ဒုတိယ ဥက္ကဌဖြစ်သူ အက်ဝုဒ်ဝုက်ဟာ ကယ်ဟာနိုဂလူးလို ကစားသမားမျိုးကို အလွတ် ပြောင်းရွှေ့ကြေးနဲ့ ခေါ်ယူဖို့ စိတ်ဝင်စား နေပြီး ကယ်ဟာနိုဂလူးကို ခေါ်ယူနိုင်ပါက ခေါ်ယူဖို့ အပြောင်းအရွှေ့ တာဝန်ခံတွေကို မှာကြားထားကြောင်း နီးစပ်သူတွေက ဖွင့်ဟ ထားကြပါတယ်။