ပရီးမီးယားလိဂ် အင်အားကြီး အသင်းတစ်သင်း ဖြစ်တဲ့ မန်ချက်စတာ ယူနိုက်တက် အသင်းရဲ့ ဒုတိယ ဥက္ကဌဖြစ်သူ အက်ဝုဒ်ဝက် ကတော့ သူတို့ရဲ့ အသင်းဟာ လက်ရှိ အသင်းနည်းပြ ဖြစ်သူ အိုလေဂန်နာ ဆိုးလ်ရှားရဲ့ လက်အောက်မှာ အောင်မြင်မှုပေါင်း များစွာ ရရှိနိုင်လိမ့်မယ် လို့ ယုံကြည်ထားကြောင်း ဖွင့်ဟ ပြောကြား သွားခဲ့ပါတယ်။ မန်ချက်စတာ ယူနိုက်တက် အသင်းဟာ အသင်းရဲ့ နည်းပြဖြစ်သူ ဆာအဲလက်စ် ဖာဂူဆန် ထွက်ခွာသွားပြီး နောက်ပိုင်းမှာ နည်းပြ ၄ဦးအထိ ပြောင်းလဲ အသုံးပြု ထားပေမယ့် လက်ရှိအချိန် အထိ သူတို့မျှော်မှန်းထားတဲ့ လိဂ်ဖလားကို အရယူနိုင်ခြင်း မရှိသေးပဲ ဖာဂူဆန် မရှိတော့တဲ့ ၇နှစ် အတွင်း မှာ အက်ဖ်အေဖလား ၁ကြိမ် ၊ ကားလင်းဖလား ၁ကြိမ် ၊ ကွန်မြူနတီဒိုင်း ၂ကြိမ်နဲ့ ယူရိုပါလိဂ်ဖလား ၁ကြိမ် တို့ကိုသာ ရရှိခဲ့ပါတယ်။

Photo Credit: Express

ဒါ့ကြောင့် မန်ချက်စတာ ယူနိုက်တက် အသင်းအနေနဲ့ ယခင်ကလို အောင်မြင်မှုတွေ ပြန်လည် ရရှိချင်ရင် လက်ရှိ အသင်းရဲ့ နည်းပြဖြစ်သူ အိုလေဂန်နာ ဆိုးလ်ရှားကို ထုတ်ပယ်ပြီး ထိပ်တန်း နည်းပြသစ် တစ်ဦးကို ခေါ်ယူသင့်ကြောင်း ဘောလုံးရေးရာ ဝေဖန်သုံးသပ်သူတွေက အကြံပေး ထားကြပါတယ်။ လက်ရှိ မန်ချက်စတာ ယူနိုက်တက် အသင်းရဲ့ နည်းပြဖြစ်သူ ဆိုးလ်ရှားဟာ မန်ချက်စတာ ယူနိုက်တက် အသင်းရဲ့ ဂန္တဝင် ကစားသမား တစ်ဦး ဖြစ်ပြီး သူ့အနေနဲ့ အသင်းကို ကိုင်တွယ်နေတာဟာ ၂နှစ်ကျော် ကာလ အတွင်းကို ရောက်ရှိနေပြီလည်း ဖြစ်ပါတယ်။ အဆိုပါ ၂နှစ်တာ ကာလ အတွင်းမှာ မန်ချက်စတာ ယူနိုက်တက် အသင်းဟာ ဆုဖလား တစ်လုံးမှ ရယူနိုင်ခဲ့ခြင်း မရှိပဲ အမြင့်ဆုံး အနေနဲ့ ပြီးခဲ့တဲ့နှစ် ဖလားပြိုင်ပွဲတွေမှာ ဆီမီးဖိုင်နယ် အဆင့်အထိကိုပဲ ရောက်ရှိခဲ့ပါတယ်။ ဒါပေမယ့် ဒီနှစ် ဘောလုံးရာသီ မှာတော့ ဆိုးလ်ရှားရဲ့ မန်ချက်စတာ ယူနိုက်တက် အသင်းဟာ ပြည်တွင်းလိဂ်မှာ အခြေအနေ ကောင်းနေပြီး အမှတ်ပေးဇယားရဲ့ ဒုတိယ နေရာမှာ ရှိနေကာ ဇယားထိပ်မှာ ရှိနေတဲ့ လီဗာပူးအသင်းနဲ့ ၁ပွဲလျော့ ၃မှတ် အကွာမှာ ရှိနေပါတယ်။

Photo Credit: Express

ဒါ့ကြောင့်လည်း အက်ဝုဒ်ဝက်က သူဟာ မန်ချက်စတာ ယူနိုက်တက် အသင်းအနေနဲ့ ဆိုးလ်ရှားရဲ့ လက်အောက်မှာ အောင်မြင်လိမ့်မယ် လို့ ယုံကြည်နေတာ ဖြစ်ပါတယ်။ ဆိုးလ်ရှားအပေါ် ထားတဲ့ ယုံကြည်မှုနဲ့ ပတ်သတ်ပြီး အက်ဝုဒ်ဝက်က – “အိုလီနဲ့ တစ်သင်းလုံးရဲ့ စွမ်းဆောင်ရည်ကြောင့် လက်ရှိအချိန် မှာ ပရီးမီးယားလိဂ် ဖလားကို စိန်ခေါ်နိုင်စွမ်း ရှိတဲ့ အနေအထား တစ်ရပ်မှာ ရှိနေတာကြောင့် အတော်ကို စိတ်လှုပ်ရှား ရပါတယ်။ ဒါ့အပြင် ကျွန်တော်တို့မှာ ယှဉ်ပြိုင်ဖို့ နောက်ထပ် ဖလားပြိုင်ပွဲ ၃ခု ရှိနေပါသေးတယ်။ အသင်းဟာ ပြီးခဲ့တဲ့ သီတင်းပတ်တွေ အတွင်းမှာ ကျွန်တော်တို့ရဲ့ စိတ်ဓာတ်ပိုင်းကို ပြသ နိုင်ခဲ့ကာ အပေါင်းလက္ခဏာ ဆောင်ခဲ့ပါတယ်။ ကျွန်တော်တို့ဟာ နောက်ဆုံး ကစားခဲ့တဲ့ ပြည်တွင်းပွဲစဉ် ၉ပွဲမှာ ၇ပွဲကို နိုင်ထားပြီး ၂ပွဲသာ သရေကျထားပါတယ်။ ဒါ့ကြောင့် လာမယ့်နှစ်မှာ ကျွန်တော်တို့ အနေနဲ့ ပိုမို ကောင်းမွန်တဲ့ မျှော်လင့်ချက်တွေနဲ့ အတူ ရှိနေမယ်လို့ ထင်ပါတယ်” ဆိုပြီး ပြောကြား သွားခဲ့ပါတယ်။