ပရီးမီးယားလိဂ် နာမည်ကြီး အသင်းတစ်သင်း ဖြစ်တဲ့ မန်ယူအသင်းရဲ့ ဒုတိယ ဉက္ကဌ ဖြစ်သူ အက်ဝုဒ်ဝက် ကတော့ ပြီးခဲ့တဲ့ ရက်သတ္တပတ် အတွင်းမှာ အတော်လေး လူပြောများခဲ့တဲ့ နည်းပြ ဆိုးလ်ရှားကို ထုတ်ပယ်ကာ နည်းပြသစ် အဖြစ် စပါးအသင်း နည်းပြဟောင်း ပိုချက်တီနိုကို ခန့်အပ်တော့မယ် ဆိုတဲ့ သတင်းတွေ ကို ငြင်းဆန်သွားကာ ဆိုးလ်ရှားဟာ မန်ယူအသင်းရဲ့ အားပေး ထောက်ခံမှုကို အပြည့်အဝ ရရှိထားကြောင်း ဆိုသွားပါတယ်။ မန်ယူအသင်းဟာ ပြီးခဲ့တဲ့ ရက်သတ္တပတ် နှစ်ခုအတွင်း အာဆင်နယ်အသင်းနဲ့ အစ္စတန်ဘူလ်အသင်း တို့ကို နှစ်ပွဲဆက်တိုက် အရေးနိမ့် အပြီးမှာ နည်းပြ ဆိုးလ်ရှားရဲ့ အနာဂတ်ဟာ သိသိသာသာ လှုပ်ခတ်လာခဲ့ကာ မန်ယူအသင်းရဲ့ နည်းပြသစ် ဖြစ်လာနိုင်တဲ့ နည်းပြတွေရဲ့ စာရင်းတောင် ထွက်လာခဲ့ပါတယ်။

Photo Credit: Express

ဒါ့ကြောင့်ပဲ ဆိုးလ်ရှားတစ်ယောက် မန်ယူအသင်းရဲ့ နည်းပြရာထူးကနေ ထုတ်ပယ် ခံရတော့မယ် ဆိုပြီး အားလုံးက ထင်မှတ်ခဲ့ကြပေမယ့် မန်ယူအသင်းက အဲဗာတန်အသင်းကို အဝေးကွင်းမှာ ဂိုးပြတ် အနိုင်ရခဲ့ အပြီးမှာတော့ ဆိုးလ်ရှားရဲ့ အနာဂတ်နဲ့ ပတ်သတ်ပြီး ထွက်ပေါ်နေတဲ့ သတင်းတွေဟာ အနည်းငယ် ရပ်တန့် သွားခဲ့ပါတယ်။ လက်ရှိ အချိန်မှာတော့ အက်ဝုဒ်ဝက်က အသင်းအနေနဲ့ ဆိုးလ်ရှားအပေါ် ယုံကြည်မှု အပြည့်အဝ ရှိနေဆဲ ဖြစ်ကြောင်း ပြောကြား သွားခဲ့သလို အသင်းအနေနဲ့ အသင်းရဲ့ ပရိသတ်တွေ ရှေ့မှာ ကစားဖို့ မစောင့်နိုင်အောင် ဖြစ်နေကြောင်းလည်း အသင်းရဲ့ ပရိသတ်တွေကို သတိရကြောင်း မန်ယူအသင်း ရဲ့ အင်တာဗျူးတစ်ခုမှာ ပြောဆို သွားခဲ့ပါတယ်။

Photo Credit: Express

ဆိုးလ်ရှားအပေါ် အပြည့်အဝ ယုံကြည်မှု ရှိနေဆဲ ဖြစ်ကြောင်းကို အက်ဝုဒ်ဝက်က “ကွင်းအတွင်းမှာတော့ ကျွန်တော်တို့ဟာ တည်ငြိမ်တဲ့ ခြေစွမ်းတစ်ခု ရရှိအောင် ကြိုးစားနေဆဲ ဖြစ်ပါတယ်။ ပြီးတော့ ကျွန်တော်တို့ ဟာ အိုလီ(ဆိုးလ်ရှား)ရဲ့ အသင်းကို တိုးတက်လာအောင် ဦးဆောင်နေတဲ့ ပုံစံကို အပြည့်အဝ သဘောကျ သလို အိုလီအပေါ် ယုံကြည်မှုလည်း ရှိပါတယ်” ဆိုပြီး ပြောကြား သွားခဲ့ပါတယ်။ ဒါပေမယ့် မန်ယူအသင်းနဲ့ နီးစပ်သူ တချို့ရဲ့ ပြောဆိုချက်အရ မန်ယူအသင်းဟာ ဆိုးလ်ရှားကို အချိန်ပို ပေးထားခြင်းသာ ဖြစ်ပြီး အကယ်၍ နိုဝင်ဘာလရဲ့ လက်ကျန်ပွဲတချို့နဲ့ ဒီဇင်ဘာလ အတွင်းမှာ ကစားရမယ့် ပွဲစဉ်တွေမှာသာ အသင်းရဲ့ ခြေစွမ်း တိုးတက်လာခြင်း မရှိပါက ဆိုးလ်ရှားကို ရာထူးကနေ ထုတ်ပယ်နိုင်ကြောင်း သိရပါတယ်။