ကိုရိုနာဗိုင်းရပ်စ်ပြသာနာရပ်တွေကြောင့် ဘောလုံးပွဲတွေကို ရပ်နားထားခဲ့ရပေမယ့်လည်း ဘောလုံးပရိသတ်တွေ ပျင်းရိနေခြင်းမရှိရအောင် စပိန်လာလီဂါ ဘောလုံးအဖွဲဲ့ချုပ်ကနေပြီး နာမည်ကျော် လာလီဂါဘောလုံးသမားတွေကိုယ်တိုင် ဝင်ရောက်ဆင်နွဲလို့ရမယ့် eSport ဘောလုံးဂိမ်းပြိုင်ပွဲတစ်ခုကို တင်ဆက်ခဲ့ရာ အခုဆိုရင် ဒီဂိမ်းပြိုင်ပွဲကို ဘောလုံးပွဲတွေ ပြန်လည်စတင်ဖြစ်ရင်တောင် ဆက်လက်ကျင်းပနေဦးမှာဖြစ်တယ်လို့ သိရှိရပါတယ်။

Photo Credit : La Liga

ပြီးခဲ့တဲ့ မတ်လနှောင်းပိုင်းကနေစတင်ပြီး LA LIGA SANTANDER CHALLENGE ပြိုင်ပွဲကို စတင်ကျင်းပခဲ့တာဖြစ်ပြီး နာမည်ကျော် ဘောလုံးဂိမ်းတစ်ခုဖြစ်တဲ့ FIFA 20 ဂိမ်းနဲ့ ယှဉ်ပြိုင်စေတာဖြစ်ပါတယ်။ အဆိုပါ eSport ဘောလုံးဂိမ်းပြိုင်ပွဲကို စပိန်ကလပ်အသင်းပေါင်း(၁၉)သင်းဆီကို ကိုယ်စားပြုတဲ့ ကစားသမား(၁၉)ယောက်က ပါဝင်ဆင်နွဲခဲ့တာဖြစ်ပြီး ရီးရဲလ်မက်ဒရစ်အသင်းကိုယ်စားပြု အဆန်စီယိုက ပြိုင်ပွဲမှာ ဗိုလ်စွဲခဲ့တာဖြစ်ပါတယ်။

Photo Credit : La Liga

အဲ့ဒီဘောလုံးဂိမ်းပြိုင်ပွဲမှာ အဆန်စီယို ဆာဂျီယိုရောဘတ်တို ရယ်ဂီလွန် ရာအူးဂါဆီယာ ယာနူဇိုက် လော်ရန်တေးတို့လို နာမည်ကျော် လာလီဂါဘောလုံးသမားတွေ ဝင်ရောက်ယှဉ်ပြိုင်ခဲ့တာဖြစ်ပြီး ဖိုင်နယ်မှာ အဆန်စီယိုက မာလာဂါကိုယ်စားပြု ရီဘယ်နဲ့ ယှဉ်ပြိုင်ခဲ့ရာ အဆန်စီယိုက (၄)ဂိုး(၂)ဂိုးနဲ့ အနိုင်ရခဲ့တာဖြစ်ပါတယ်။ ဒီပြိုင်ပွဲက ဘောလုံးပွဲတွေ ရပ်နားထားချိန်မှာ ပရိသတ်တွေအတွက် တင်ဆက်ထားတာဖြစ်ပေမယ့် လာလီဂါဘောလုံးပြိုင်ပွဲတွေ ပြန်လည်စတင်နိုင်ပြီဆိုရင်လည်း eSport ဘောလုံးဂိမ်းပြိုင်ပွဲကိုလည်း အပတ်စဉ် အင်္ဂါနေ့နဲ့ ကြာသပတေးနေ့တွေမှာ ပုံမှန်တင်ဆက်နေဦးမှာဖြစ်တယ်လို့ သိရှိရပါတယ်။ အဆိုပါ ဂိမ်းပြိုင်ပွဲတွေကိုတော့ Twitch လို့ အမည်ရတဲ့ အွန်လိုင်းဖျော်ဖြေရေးချန်နယ်ကနေ တိုက်ရိုက်ပြသမှာဖြစ်ပါတယ်။