အီတလီ စီးရီးအေရဲ့ နာမည်ကြီး အသင်းနှစ်သင်း ဖြစ်တဲ့ ရိုးမားအသင်းနဲ့ အင်တာမီလန် အသင်းတို့ဟာ သူတို့အသင်းနှစ်သင်းရဲ့ ဝါရင့် တိုက်စစ်မှူးတွေ ဖြစ်တဲ့ ဒီဇီကိုနဲ့ အလက်ဆစ် ဆန်းချက်တို့ကို တိုက်ရိုက် အလဲအထပ် ပြုလုပ်ဖို့ ဆွေးနွေးမှုတေွ ပြုလုပ်နေကြောင်း နာမည်ကြီး အီတလီ သတင်းဌာန အများစုက ဖော်ပြ သွားကြပါတယ်။

အသက် ၃၄နှစ် အရွယ် ဘော့စနီးယား တိုက်စစ်မှူး အီဒင် ဒီဇီကိုဟာ လက်ရှိ ဘောလုံးရာသီမှာ ရိုးမားအသင်း အတွက် ပြိုင်ပွဲစုံမှာ စုစုပေါင်း ပွဲ ၂၀ အထိ ပါဝင် ကစားပေးထားပြီး သွင်းဂိုး ၈ဂိုး သွင်းယူ ပေးထားကာ ဂိုးဖန်တီးမှု ၂ကြိမ် ပြုလုပ် ထားနိုင်ခဲ့ပေမယ့် အသင်းရဲ့ နည်းပြဖြစ်သူ ဖွန်ဆီကာနဲ့ ဆက်ဆံရေး အဆင်မပြေတာကြောင့် ယခု ဇန်နဝါရီလ အပြောင်းအရွှေ့ အတွင်းမှာပဲ အသင်းကနေ ထွက်ခွာချင်နေတဲ့ ကစားသမားပါ။

Photo Credit: BBC

တစ်ဖက်မှာတော့ အသက် ၃၂နှစ် အရွယ် ချီလီ တောင်ပံတိုက်စစ် ကစားသမား ဖြစ်သူ ဆန်းချက်ဟာ အင်တာမီလန် အသင်းထံမှာ ထိုက်သင့်တဲ့ ပွဲထွက်ခွင့် မရရှိတဲ့ ကစားသမား တစ်ဦး ဖြစ်ပြီး ပြီးခဲ့တဲ့ ရာသီဝက် ကာလအတွင်းမှာ အသင်းအတွက် ၉၆၁ မိနစ်သာ ကစားထားရကာ သွင်းဂိုး ၂ဂိုး သွင်းယူ ထားပြီး ဂိုးဖန်တီးမှု ၄ကြိမ် ပြုလုပ် ထားနိုင်သူ ဖြစ်ပေမယ့် နည်းပြဖြစ်သူ ကွန်တီရဲ့ ယုံကြည်မှုကို မရရှိတာကြောင့် အသင်းကနေ ထွက်ခွာခွင့် ရရှိပါက ထွက်ခွာချင်နေပါတယ်။

လက်ရှိမှာတော့ ရိုးမားအသင်းရဲ့ တာဝန်ရှိသူတွေနဲ့ အင်တာမီလန် အသင်းရဲ့ တာဝန်ရှိသူတွေဟာ ဒီဇီကိုနဲ့ ဆန်းချက်တို့ကို တိုက်ရိုက် အလဲအထပ် ပြုလုပ်ဖို့ ချိတ်ဆက် ဆွေးနွေးမှုတွေကို လုပ်ဆောင်နေပြီး မကြာခင် မှာတော့ သဘောတူညီမှု တစ်ခု ရရှိဖွယ် ရှိနေကြောင်း အီတလီ အခြေစိုက် သတင်းဌာနတွေက အခိုင်အမာ ဖော်ပြ သွားကြပါတယ်။

Photo Credit: BBC

နာမည်ကြီး သတင်းထောက် တစ်ဦး ဖြစ်သူ ဖာဘရီဇီယို ရိုမာနိုကလည်း အဆိုပါ သတင်းတွေ အပေါ် အတည်ပြု ပေးထားပြီး ရိုးမားနဲ့ အင်တာမီလန် အသင်းတို့ဟာ ဒီဇီကိုနဲ့ ဆန်းချက်တို့ကို အလဲအထပ် ပြုလုပ်ဖို့ နှစ်သင်းကြားမှာ ပွင့်ပွင့်လင်းလင်း ဆွေးနွေးမှုတွေ ပြုလုပ်နေပြီး အဆိုပါ အလဲအထပ်ဟာ ဖြစ်ပေါ်လာနိုင်ချေ ရှိပေမယ့် လတ်တလော မှာတော့ အရေးကြီးတဲ့ အဆင့်အထိ မရောက်ရှိသေးဘူး လို့ ရိုမာနိုက ဆိုပါတယ်။